စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ဒေသခံပြည်သူတွေရဲ့စိုးရိမ်ထိတ်လန့်မှုတွေ အလွန်မြင့်မားလာနေတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း ( WJ) က မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံးပြီး၊ ၂၇ ဦးထိခိုက်ဒဏ်ရာရခဲ့သလို ပစ်သတ်ခံရတဲ့သူ ၂ ဦးလည်းရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံအပါအဝင် အဆောက်အအုံပေါင်း ၁၉၀ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း WJ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုစိပ်ကပ်လာပြီး လူနေကျေးရွာတွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်လာနေတယ်လို့လည်း WJ က ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ချင်းပြည်နယ် ထန်တလန်၊ မတူပီ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက် ကပြည်သူ ၄၀၀၀၀ ကျော်လည်း အိန္ဒိယနယ်စပ်ဘက်ကို ခိုလှုံနေရပြီး ၎င်းတို့အတွက်လည်း အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးအပေါ် လိုအပ်နေကြတယ်လို့ ဆိုပါတယ်။
တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း ( WJ) အဖွဲ့အစည်းဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း သတင်းမှတ်တမ်း နှင့် သုတေသန လုပ်ငန်းစဉ်တွေအပြင် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီး နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ ပေးတာ ထောက်ပံ့ကူညီပေးတာတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။







