မတူပီမြို့ပေါ်သို့ စစ်အုပ်စု အတွဲလိုက်ဗုံးများဖြင့် အပြင်းအထန်တိုက်ခိုက်

မတူပီမြို့ပေါ်သို့ စစ်အုပ်စု အတွဲလိုက်ဗုံးများဖြင့် အပြင်းအထန်တိုက်ခိုက်

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် လေကြောင်းစောင့်ကြည့်သည့် သတင်းရင်းမြစ်များထံက သိရသည်။

မေလ ၂၆ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် တံတားဦးမှ သုံးစီး၊ မကွေးမှ နှစ်စီးနှင့် အေလာမှ နှစ်စီး စုစုပေါင်း စစ်အုပ်စု ဂျက်တိုက်လေယာဉ် ခုနစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ တဆက်တည်းမှာပင် Y-12 ဗုံးကြဲလေယာဉ်ပေါ်မှလည်း အတွဲလိုက်ဗုံးများဖြင့် ကြဲချခဲ့ကြောင်း ဒေသတွင်းလေကြောင်းတိုက်ခိုက်မှုများကို စောင့်ကြည့်နေသည့် ဒေသခံ HKL က ရေးသားထားသည်။

“ဒီမနက်မှာကြဲတာ အတော်များတယ် ၊ အရင်က စစ်တပ်တွေနေခဲ့တဲ့ဘက်မှာကြဲတာ ၊ အထိအခိုက် မရှိဘူးလို့တော့ သိရတယ်” ဟု မတူပီဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိဒေသတွင်းအခြေအနေများနှင့်ပတ်သက်ပြီး မတူပီမြို့ကို ထိန်းချုပ်ထားသည့် ချင်းပြည်သူ့အစည်းအရုံး တာဝန်ရှိသူများထံ မဇ္ဈိမအနေဖြင့် ဆက်သွယ်ထားဆဲဖြစ်သည်။

မတူပီမြို့သည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ကလည်း စစ်အုပ်စုတပ်၏ လေကြောင်းဗုံးကြဲမှုကို ခံခဲ့ရပြီး၊ ထိုစဉ်က ပေါက်ကွဲသံနှင့် တုန်ခါမှုများကြောင့် မွေးကင်းစ လေးရက်သား ကလေးငယ်တဦး သေဆုံးခဲ့ရသည့်အပြင် ဂေါက်ကွင်းအနီးရှိ အားကစားရုံနှင့် အထက (၂) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရသည်။

ချင်းပြည်သူ့အစည်းအရုံး၏ အသိပေးချက်အရ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်တို့တွင် မေလ ၁၁ ရက်မှ ၂၂ ရက်အတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး လူနေအိမ်၊ ဆိုင်ခန်းများနှင့် အစိုးရအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း အရေအတွက် အသေးစိတ်ကိုမူ ချင်းပြည်သူ့အစည်းအရုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ချင်းပြည်သူ့အစည်းအရုံး တာဝန်ရှိသူတဦးက “လတ်တလော ကန်ပက်လက်ကို စစ်ကြောင်းထိုးလားပြီး လေကြောင်းက ကြမ်းကြမ်းတမ်းတမ်း သုံးလာတာရှိပါတယ်။ ရွေးကောက်ပွဲအတုအစိုးရတက်လာပြီးမှ အခုလိုလုပ်တာ မဟုတ်ပါဘူး။ အရင်ကတည်းကလုပ်နေကျ သူ့ဗီဇဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

၎င်းက ဆက်လက်၍ စစ်အုပ်စု၏ ထိုးစစ်ကို ရဲဘော်များက အစွမ်းကုန်ခုခံနေပြီး ရက်စက်ယုတ်မာသည့် အဓမ္မအမှုကို တွန်းလှန်ရာတွင် ပြည်သူများမှလည်း နိုင်ရာတာဝန်များကို ကိုယ်စီကျေပွန်ကြရန် လိုအပ်ကြောင်း ဆိုသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းနှင့် တွန်းဇံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မကွေးတိုင်း၊ ဆောမြို့မှတဆင့် ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့သို့ စစ်ကြောင်းထိုးလာသဖြင့် မေလ ၁၇ ရက်နေ့မှစ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး လေကြောင်းမှလည်း ဆက်တိုက်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ထို့ပြင် မင်းတပ်မြို့မှ ၁၀ မိုင်ကျော်အကွာရှိ နေရာသို့လည်း ကျောက်ထုမှတဆင့် စစ်အင်အားများ ဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ချင်းပြည်နယ် မတူပီမြို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင်လည်းကောင်း၊ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ ရက်နှင့် ကန်ပက်လက်မြို့ကို ဒီဇင်ဘာ ၂၂ ရက်နေ့တို့တွင်လည်းကောင်း ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျက်ရှိရာ စစ်အုပ်စုတပ်က ယခုကဲ့သို့ ပြန်လည်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

Most read this week

လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...