ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏ တိုက်ခိုက်မှုကို အလူးအလဲ ခံနေရပြီး အကျအဆုံးများကာ တောင်မော်ကြီး ရေတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာနေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်က စ၍ စစ်အုပ်စုသည် AA ထိန်းချုပ်ထားသော စနဲမြို့အနီးတစ်ဝိုက်ကို ရေတပ်အားယူပြီး စစ်ကြောင်း နှစ်ကြောင်းထက် မနည်းဖြင့် ထိုးစစ်ဆင်၍ နေရာတချို့ကို အခြေကုတ် ရယူနိုင်ခဲ့သော်လည်း ယခုအခါ AA ၏ တန်ပြန်ထိုးစစ်ကြောင့် တဖြည်းဖြည်း နောက်ဆုတ်နေရခြင်းဖြစ်သည်။
“ တပ်တော် (AA) ဘက်က တဖြည်းဖြည်းရှေ့ကို တိုးနေတယ်။ စစ်တပ် (စစ်အုပ်စု)ဘက်က လူတွေဟာ ဆိုရင် အခု အဝတောင်အနီးက တောင်ပေါ်လောက်မှာပဲ ကျန်တော့တယ်။ တပ်တော်ဘက်ကတော့ တော်တော် ပြင်းပြင်းထန်ထန် ပြန်ထိုးစစ်ဆင်နေတယ် ” ဟု စစ်ရေးအခြေအနေသိသူ ကျောက်ဖြူဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
စစ်အုပ်စု အခြေကုတ်ယူထားသော အဝတောင်ကျေးရွာအနီးက တောင်ကုန်းကို မေလ ၁၅ ရက်က စ၍ AA က ဝိုင်းပတ်ပိတ်ဆို့ထားပြီး ယင်းတောင်ကုန်းသို့ စစ်ကူလာသော စစ်အုပ်စု၏ စစ်ကြောင်းများကိုပါ ဖြတ်တောက်ပိတ်ဆို့ကာ တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
အဝတောင်ကျေးရွာသည် တောင်မော်ကြီး ရေတပ်စခန်းနှင့် စနဲမြို့အကြားတွင် ရှိပြီး တောင်မော်ကြီး ရေတပ် စခန်းမှ အဖြောင့်မိုင် ၂ မိုင် ခန့်သာကွာဝေးသည်။
ယခုအခါ တောင်မော်ကြီး ရေတပ်စခန်းနှင့် ၁ မိုင်ကျော်ခန့်အကွာထိ စစ်အုပ်စုဘက်က ဆုတ်ခွာနေရပြီး AA ဘက်ကလည်း တောင်မော်ကြီး ရေတပ်စခန်းကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
“ ပြောရမယ်ဆိုရင် ရမ်းဗြဲမြို့နယ်ကို သိမ်းပြီးကတည်းက ဒီတောင်မော်ကြီးရေတပ်စခန်းကို AA က ချဉ်းကပ်ထားတာ။ အခု စစ်တပ်ဘက်က အင်အားသုံးပြီး စနဲကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့အတွက် တိုက်ပွဲ ဖြစ်တာ။ ဒီပုံစံအတိုင်းဆိုရင် AA ဘက်က အဲဒီရေတပ်စခန်းကိုပါ ထိုးစစ်ဆင်နိုင်ခြေရှိတယ် ” ဟု စစ်ရေးအခြေအနေသိသူ ကျောက်ဖြူဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက သုံးသပ်သည်။
စစ်အုပ်စုနှင့် AA တို့သည် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီက စ၍ စနဲမြို့၏ မြောက်ဘက် ကျောက်ဖြူမြို့ အနီး ၁၀ မိုင်ခန့်အကွာ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြခြင်းဖြစ်ပြီး ယခုအခါ စစ်အုပ်စုက တောင်မော်ကြီး ရေတပ်စခန်းကို အသုံးပြု၍ AA ထိန်းချုပ်ရာ စနဲမြို့အနီးကို ထိုးစစ်ဆင် ကြိုးပမ်းလာခြင်းဖြစ်သည်။
စနဲမြို့သည် ကျောက်ဖြူမြို့ပေါ်မှ မိုင် ၃၀ ကျော်အကွာ တောင်ဘက်တွင် ရှိသဖြင့် စစ်အုပ်စုက စနဲမြို့ အနီးတစ်ဝိုက်ကို ထိန်းချုပ်နိုင်မည်ဆိုလျှင် AA အတွက် ကျောက်ဖြူမြို့ကို သိမ်းရန် အခက်အခဲများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ရခိုင်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက “ ကျောက်ဖြူမြို့နယ်မှာ မြို့အနီးတပ်ရင်းအထိ AA ထိုးဖောက်နိုင်ခဲ့ ပေမဲ့လည်း နောက်မှာက တောင်မော်ကြီးရေတပ်စခန်းကို ပိတ်ဆို့ထားခဲ့တော့ ဒီစခန်းဟာ AA အတွက် အချိန်မရွေး အန္တရာယ်ပေးနေတယ်။ ရေတပ် သင်္ဘောတွေက လှုပ်ရှားတာ၊ ကမ်းကပ်ပြီး စနဲမြို့ကို အခြေကုတ်နိုင်ရင် အတွင်းထဲမှာ ကျန်နေခဲ့တဲ့ AA တပ်ကို ဝိုင်းပိတ်သလို ဖြစ်နေတယ်။ ဆိုတော့ တောင်မော်ကြီးဟာ AA အတွက် အရမ်း အန္တရာယ်များတဲ့ စခန်းတစ်ခုအဖြစ် မြင်ရတယ် ” ဟု သုံးသပ်သည်။
တောင်မော်ကြီး ရေတပ်စခန်းသည် ဓညဝတီရေတပ်ဌာနချုပ် ကျောက်ဖြူလက်အောက်ခံဖြစ်ပြီး သံဇစ်မြစ်အတွင်း အင်အားရာချီဖြင့် တပ်စွဲ အထိုင်ချထားခြင်းဖြစ်သည်။
ထို့အတူ ကျောက်ဖြူစစ်မျက်နှာသည် တရုတ်စီမံကိန်းများ တည်ရှိရာ နေရာဖြစ်သဖြင့် အာရက္ခတပ်တော်ကလည်း အကန့်အသတ်များဖြင့် မြို့သိမ်းတိုက်ပွဲများဖော်နေရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
လက်ရှိ စနဲမြို့အနီး ဖြစ်ပွားနေသော တိုက်ပွဲမှာ ၁၀ ရက် မြောက်ရှိလာပြီး စစ်အုပ်စု၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် စစ်သင်္ဘောတို့မှ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် စနဲမြို့အပါအဝင် ဒေသခံများ သေဆုံးဒဏ်ရာရမှုလည်း ရှိနေသည်။
ထို့အတူ တိုက်ပွဲပြင်းထန်မှုကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ကျော်က ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
စစ်အုပ်စုသည် မေ ၁၉ ရက်တွင် စနဲမြို့ ရွှေဟင်္သာရပ်ကွက်ကို လေယာဉ်အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀၀ ထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ - DMG







