ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဌာနချုပ်ရှိရာ ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် အဆောက်အအုံသစ်များ ဆက်လက်ဆောက်လုပ်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရသည်။
ဆုံဆည်းမြိုင်ကျေးရွာအဝင် ကားလမ်းမဘေး နှစ်နေရာနှင့် ဆုံဆည်းမြိုင်ဘေးကပ်လျက်ရှိ ရွှေတောင်နီ (ဒေသအခေါ်) တွင် ခြံဝင်းအသစ် သုံးခုကို ဆောက်လုပ်ထားကြောင်း မတ်လ ၂၈ ရက်နေ့က ရရှိသည့် ဂြိုဟ်တုဓာတ်ပုံများအရ သိရသည်။ မြဝတီမြို့နှင့် ၃၄ မိုင်နီးပါး ကွာဝေးသော ဆုံဆည်းမြိုင်ကျေးရွာ၏ သောင်ရင်းမြစ်ဘေးတွင် ဧပြီလ ၃ ရက်နေ့၌ စတင်ကာ အဆောက်အအုံသစ်များ ဆောက်လုပ်ခဲ့သည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်များကြောင့် မဇ္ဈိမက စုံစမ်းစစ်ဆေးခဲ့သည်။
ရရှိလာသော ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများအရလည်း အဆိုပါ အဆောက်အအုံများကို အုတ်တံတိုင်းအမြင့်များဖြင့် ခြံဝင်းကာရံထားရှိကာ လုံခြုံရေးစောင့်ကြည့်သော မျှော်စင်များလည်း ရှိနေသည်။ ထို့အပြင် ခြံဝင်းအတွင်း စတားလင့်ခ် (Starlink) ဂြိုဟ်တုဆက်သွယ်ရေးစက်များ တပ်ဆင်ထားကာ ခြံဝင်းဂိတ်ပေါက်ရှိ လုံခြုံရေးများသည် နံပါတ်တုတ်များ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။
DKBA တပ်ဖွဲ့မှ လက်နက်ကိုင်လုံခြုံရေးယူထားကာ တင်းကျပ်စွာ စစ်ဆေးခြင်း၊ ခြံဝင်းမရောက်ခင် လုံခြုံရေးဂိတ် အနည်းဆုံး နှစ်ခုရှိနေခြင်းနှင့် တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားများစွာကို ခြံဝင်းထဲတွင် တွေ့မြင်ရပြီး ပြင်ပသို့ ထွက်လာခြင်းမရှိကြဘဲ အခန်းအောင်းနေထိုင်ခြင်းတို့သည် ယခင်အွန်လိုင်းငွေလိမ်ခြံဝင်းများ၏ ပုံစံနှင့် ထပ်တူဖြစ်နေသည်။
“အဆောက်အအုံက တလလောက်နဲ့ကို အပြီးလုပ်တာ။ အရင်လို အထပ်အမြင့်တွေ မပါတော့ဘူး၊ နည်းတယ်။ သူတို့ အလျင်လိုနေတဲ့ပုံပဲ။ နေ့ဆိုင်းကော ညဆိုင်းကော လုပ်ရတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေက ထိုင်းဘက်ကနေ ကမ်းကူးပြီးပို့တာ၊ ဆောက်လုပ်ရေးနဲ့ ပတ်သက်တာ အကုန်ပို့တာ။ အလုပ်သမားတွေ မလောက်လို့တောင် ထိုင်းဘက်က ဒုက္ခသည်စခန်းဘက်ကလူတွေကော ထိုင်းရွာထဲက မြန်မာတွေကော အစုံပဲ” ဟု ဆောက်လုပ်ရေးတွင် လုပ်ကိုင်ခဲ့သူ တယောက်က မဇ္ဈိမကို ပြောသည်။
ဆုံဆည်းမြိုင်ကျေးရွာ သောင်ရင်းမြစ်ဘေးက အွန်လိုင်းငွေလိမ်ခြံဝင်းအကြောင်းကို ဒေသခံ တယောက်ကလည်း “သူတို့ ကားအဝင်ကားအထွက်လုပ်တဲ့အခါ အထဲမှာ နိုင်ငံခြားသားတွေတွေ့တယ်။ ကျွန်မမ သမီးက အဲမှာ ကွန်ပျူတာသန့်ရှင်းရေးလုပ်တာပါ။ သမီးပြောပြတာက အဲမှာ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေကြတယ်လို့ ပြောတယ်” ဟု ဆိုသည်။
အွန်လိုင်းဈေးရောင်းသည့် Lazada နှင့် TikTok အပလီကေးရှင်းတို့မှတဆင့် ပစ္စည်းများဝယ်ယူကာ ဆုံဆည်းမြိုင်ရှိ လျှို့ဝှက်သော ခြံဝင်းများတွင် အလုပ်လုပ်ကိုင်နေသူများကို တဆင့်ပြန်လည်ရောင်းချပေးနေသည့် အမျိုးသမီး တယောက်ကလည်း “ဒီဆုံဆည်းမြိုင်က ဆိုဒ် သုံးဆိုဒ်လုံးက ကျမဆီ ပစ္စည်းမှာကြတယ်။ အဆောက်အအုံအသစ်တွေဆိုတော့ လိုအပ်ချက်တွေရှိတော့ အလုပ်လုပ်တဲ့သူတွေ ကိုယ်တိုင်ဝယ်ကြရတာများတယ်။ သူတို့ကိုယ်တိုင်လည်း ပြောတယ်လေ၊ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) ဆိုတာ” ဟု ပြောသည်။
ယခင်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ဖူးသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တယောက်ကလည်း “အရင်က ဖလူးဆိုဒ်မှာလုပ်တာ။ အဲမှာ လက်နက်ကြီးကျတော့ သူဌေးက ဒီရွှေတောင်နီကို ပြောင်းခိုင်းတယ်။ နေရာမတူဘူး၊ တချို့က သင်တန်းကွင်းရှိတဲ့ ဆိုဒ်ဘက်ကို ပြောင်းတယ်။ ဖုန်းလိုင်းမရဘူး။ နေရထိုင်ရတာ အဆင်မပြေဘူး၊ ရေအခက်အခဲရှိတယ်။ အဆောက်အအုံက မလုံလောက်တော့ တချို့ဆို အပြင်မှာ အိပ်ရတာတွေရှိတယ်။ ခဏပဲနေပြီး မနေနိုင်လို့ လျော်ကြေးပေးပြီး ပြန်လာတာ။ သမီးက လူရှာရတာပေါ့။ အမေရိကန်တွေကို သားကောင် (ငွေလိမ်ခံရမည့်သူ) ရှာရတယ်” ဟု ပြောပြသည်။
ရွှေတောင်နီသည် DKBA ဌာနချုပ်နှင့် ချောင်းတခုသာ ခြားထားသော နေရာဖြစ်သည်။ ယခင်က ဆုံဆည်းမြိုင်ကျေးရွာရှိ မင်္ဂလာတံတားတွင် စစ်ဆေးရေးဂိတ် တခုသာ ရှိသော်လည်း ယခုအခါ ဆုံဆည်းမြိုင်ကျေးရွာတွင် DKBA စစ်ဆေးရေးဂိတ် ငါးခုထက်မနည်း ရှိနေပြီး လုံခြုံရေး အထူးတင်းကျပ်ထားသည်။ ထို့အပြင် DKBA အရာရှိအိမ်များတွင်လည်း တရုတ်လူမျိုးများကို တွေ့မြင်ခဲ့ရကြောင်း ဆုံဆည်းမြိုင်ဒေသခံများက ပြောသည်။
ဆုံဆည်းမြိုင်ကျေးရွာတွင် နှစ်နေရာ၊ ရွှေတောင်နီတွင် တနေရာ၊ သေ့ဘောဘိုးရွာ တောင်ခြေ၊ ဝါးမီးထကျေးရွာနှင့် ရွှေအေးမြိုင်ကျေးရွာကြားတွင် လေးနေရာ စုစုပေါင်း ရှစ်နေရာကို မတ်လမှစတင်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ Telegram နှင့် TikTok လူမှုကွန်ရက်များတွင်လည်း ဖလူး၊ ကျွန်းတော၊ ရွှေတောင်နီ၊ သင်တန်းကွင်း၊ ဝါးမီးထနှင့် ကျောက်ခတ်တို့တွင် အွန်လိုင်းငွေလိမ်လည်သည့် အလုပ်အတွက် ရာထူးမျိုးစုံ အလုပ်ခေါ်ယူနေသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် မတ်လအတွင်း TikTok လူမှုကွန်ရက်တွင် DKBA အရာရှိတယောက်ဖြစ်သူ ဒုတပ်ရင်းမှူး စောကေနိုင်းဆိုသူက လက်နက်ကိုင်လုံခြုံရေးနှင့် ယန်း (ကုမ္ပဏီလုံခြုံရေး) များကို အလုပ်ခေါ်နေသည့် ဗီဒီယိုကို တွေ့မြင်ခဲ့ရသည်။ ယင်းအလုပ်ခေါ်ယူမှုသည် ယခုအသစ်ဆောက်လုပ်ဖွင့်လှစ်ထားသည့် ဆုံဆည်းမြိုင်ဒေသနှင့် ဝါးမီးထတို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းများအတွက် ဖြစ်သည်။ ထို့အပြင် အွန်လိုင်းငွေလိမ်လုပ်သားများကို ပို့ဆောင်ပေးသည့် မြဝတီမြို့မှ ကားကယ်ရီလုပ်ငန်း လုပ်ကိုင်နေသူ တယောက်ကလည်း ဝါးမီးထကျေးရွာအနီးရှိ ခြံဝင်းကြီးများထဲသို့ ငွေလိမ်အလုပ်လုပ်မည့် မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ရကြောင်း ပြောသည်။
ယခုအခါ ဆုံဆည်းမြိုင်ဒေသတွင် တရုတ်များ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်ခြံဝင်းကြီး ၃၀ ကျော် ရှိနေပြီ ဖြစ်သည်။ အဆိုပါ ငွေလိမ်ခြံဝင်းများနှင့် ပတ်သက်ပြီး မေးမြန်းအတည်ပြုရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝကို ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
အမေရိကန်နိုင်ငံသားများကို ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များဖြင့် လိမ်လည်သည့် မြန်မာနိုင်ငံရှိ ဆိုက်ဘာလိမ်လည်မှုစင်တာများကို ထောက်ပံ့ကူညီပေးနေသည့်အတွက် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ခေါင်းဆောင် လေးယောက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
DKBA စစ်ဦးစီးချုပ် (ယခု နာယက) စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှနှင့် ထိုင်းနိုင်ငံသားဖြစ်သည့် Trans Asia ၏ ဒါရိုက်တာ ယူကျန်းကျွင်းဟုလည်းခေါ်သော ချာမူ ဆာဝမ်တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနယ်စပ်တလျှောက် အများစုတည်ရှိနေပြီး အဆိုပါနိုင်ငံများထဲအထိ ဝင်ရောက်ဖြိုခွင်းသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ညွှန်ကြားရေးမှူးက မတ်လအတွင်းက ပြောဆိုခဲ့သည်။
ထို့အပြင် DKBA ထိန်းချုပ်ရာ ကျောက်ခတ်ဒေသက "ထိုက်ချန်း" (Tai Chang) အွန်လိုင်းငွေလိမ်လုပ်ငန်း၏ အချက်အလက်များကို သတင်းပေးနိုင်လျှင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဧပြီလအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။







