ဖာပွန်မြို့ပြန်လည်ထိန်းချုပ်ရေး စစ်အုပ်စု အင်အား(၂)ထောင်ကျော်ဖြင့် မောလော်ကလိုးရွာ အလွန်သို့ ရောက်လာ

ဖာပွန်မြို့ပြန်လည်ထိန်းချုပ်ရေး စစ်အုပ်စု အင်အား(၂)ထောင်ကျော်ဖြင့် မောလော်ကလိုးရွာ အလွန်သို့ ရောက်လာ
CJ (ပုံဟောင်း)
CJ (ပုံဟောင်း)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ ဖာပွန်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေး အင်အား(၂၀၀၀)ကျော်ပါဝင်သည့် စစ်အုပ်စု စစ်ကြောင်းထိုးလာရာ လက်ရှိ မောလော်ကလိုးရွာကို ကျော်လွန်လာကြောင်း တပ်မဟာ(၅)သတင်းအရင်းအမြစ်မှ သိရသည်။

ကမမောင်းဘက်မှတက်လာသည့် အဆိုပါစစ်အုပ်စုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးသူ စစ်အုပ်စုတပ်ဖွဲ့ဝင်(၆၀)ကျော်ရှိ၍ ထိခိုက်မှုများပြားသည်။ သို့သော် စစ်အုပ်စုက လမ်းကြောင်း (၃)ကြောင်းခွဲပြီး ဆက်လက်စစ်ကြောင်းထိုးလျက်ရှိရာ တိုက်ပွဲပြင်းထန်နေသည်ဟု မူတြော်ခရိုင်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“သူတို့က အင်အားအများကြီးသုံးပြီး လမ်းကြောင်း(၃)ကြောင်းလောက်ခွဲ တက်လာတယ်။ သေတာလည်းအများအပြားရှိတယ်။ သေဆုံးတဲ့သူတို့လူတွေရဲ့လက်နက်တွေကိုလည်း ကျနော်တို့ဘက်က ရတာရှိတယ်” ဟု ပဒိုစောရော်ဘင်မူးက ပြောသည်။

အဆိုပါစစ်ကူစစ်ကြောင်းတွင် နည်းပညာမြင့်သည့် လက်နက်ကြီးများ ထည့်သွင်းအသုံးပြုလာသလို ဖာပွန်မြို့ရှိ စစ်အုပ်စုတပ်စခန်းကလည်း ဒရုန်းအင်အားအများအပြား အသုံးပြုနေခြင်းကြောင့် အရပ်သားလူထုကိုပါ ထိခိုက်မှုများလာကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

မူတြော်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ မောလော်ကလိုးဒေသခံများပြောပြချက်အရ မေလ (၁၉)ရက်နေ့က အနီးရှိ မောထရွာတွင် ဒရုန်းကျရောက်ပြီး ရွာဘုန်းကြီးကျောင်းအတွင်းသတင်းသုံးနေသော သံဃာတော်တစ်ပါး ပျံလွန်တော်မူသွားသည်။ ကိုရင်နှင့် အရပ်သားအချို့လည်း ထိခိုက်ဒဏ်ရာရခြင်းရှိသည်ဟု သိရသည်။

ထို့အပြင် စစ်အုပ်စုစစ်ကြောင်းထိုးမှုကြောင့် လမ်းမကြီးအနီးဝန်းကျင်ကျေးရွာများတွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူမရှိသည့်နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဆိုကာ စစ်အုပ်စုက ခြိမ်းခြောက်ပြောဆိုခြင်းရှိကြောင်း ထွက်ပြေးလာသည့်ဒေသခံများက ဆိုသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “သူတို့တက်လာလို့ ကြောက်လို့ထွက်ပြေးတာလေ။ အဲ့ဒါရွာမှာအတင်းနေခိုင်းတယ်။ မနေရင် အိမ်အကုန်မီးရှို့မယ်လို့ပြောတယ်။ အခုချိန်ဆိုရင်တော့ ကျမတို့အိမ်လည်း မီးရှို့ခံရလောက်ပြီ။ ဒါတောင် ကျမတို့က လမ်းမတန်းကမဟုတ်ဘူး အဲဒီကရွာတွေဆိုရင် အကုန်မီးရှို့ခံရတယ်” ဟု ကေအိုင်စီကို ပြောသည်။

ဖာပွန်မြို့ရှိ စစ်အုပ်စုဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ (၂)နှစ်ကြာပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ စစ်အုပ်စုက မြေပြင်စစ်ကူပို့ဆောင်နိုင်ရန်နှင့် မြို့ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှု အကြိမ်ကြိမ်ရှိခဲ့သည်။

ယခုတစ်ခေါက် အင်အားအများအပြားသုံးပြီးအသေခံတက်လာသည့် စစ်ကြောင်းသည် မေလ (၅)နှင့်(၆)ရက်နေ့တွင် မြိုင်ကြီးငူမှတစ်ဆင့် ကမမောင်းမြို့သို့ ဖြတ်သန်းလာခြင်းဖြစ်သည်။ ယခင်က KNLA ၏ ဖြတ်တောက် တိုက်ခိုက်မှုကြောင့် ဝါဒူးကျေးရွာမှရှေ့မတိုးနိုင်သည့် အဆိုပါစစ်အုပ်စုမှာ လက်ရှိအချိန်တွင် ဝါးဒူးကိုကျော်လွန်၍ ဖာပွန်မြို့နှင့် မိုင်(၄၀)နီးပါး အကွာအဝေးသို့ရောက်လာသော အခြေအနေတွင်ရှိနေသည်။

ဖာပွန်-ကမမောင်းလမ်းကြောင်းတစ်ခုလုံးကိုခြုံကြည့်ပါက ကမမောင်းမြို့နှင့် ဖာပွန်မြို့ကြားတွင် မိုင်(၅၀)ကျော်ရုံသာရှိသည်။ ယင်းကြောင့် စစ်ကြောင်း၏အကွာအဝေးမှာ လမ်းတစ်ဝက်ပင်မရောက်သေးကြောင်း မြေပြင်တာဝန်ရှိသူက ပြောသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...