ဖားကန့်တွင် အမျိုးသား ၇ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးသွား

ဖားကန့်တွင် အမျိုးသား ၇ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးသွား

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ အမျိုးသား ၇ ဦးကို  PDF ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း  ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ အင်အား ၅၀ ခန့်သည် ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကားများဖြင့် မှော်ဝမ်းရပ်ကွက်တွင်းဝင်ရောက်လာပြီး အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားကြောင်း ပြည်သူတစ်ဦးက KNG ကို ပြောသည်။

”သတင်းအတိအကျ ရပြီးလာဖမ်းတဲ့ပုံစံဗျ။ သူတို့က သီးခြားဆီနေတာ အဲ့တာကို ဝင်ဖမ်းသွားတာ။ ဖားကန့် စစ်တပ်ဗျူဟာကုန်းဘက်ကို ခေါ်သွားတယ်လို့သိရတယ်”ဟုပြောသည်။

အဆိုပါအဖမ်းခံရသည့် ၇ ဦးမှာ ကိုမျိုးသန့် (ဆံသဆရာ)၊ ကိုဖိုးချမ်း၊ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးနောင်နောင် (ခ)ဦးဖြိုးကျော်၊ ဦးအောင်ဇေယျတို့ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသား ၇ ဦး အဖမ်းဆီးခံရမှုမတိုင်မှီ မတ်လ ၁၀ ရက်နေ့ မှော်ဝမ်းရပ်ကွက်မှ ကိုဝေလုံဆိုသူသည် ဝှေခါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် ကိုဝေလုံမှ တစ်ဆင့်ဆက်စပ် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂ ရက်လောက်က ဝေါခါမှာ ကိုဝေလုံဆိုတဲ့သူဖမ်းခံရတာ ခုဖမ်းခံလိုက်ရတဲ့သူတွေနဲ့ အသိ အဲကနေ တစ်ဆင့် ကွင်းဆက်ဖမ်းတာ ဖြစ်နိုင်တယ်”ဟုအခြားဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့အား  ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခံရသူ ၇ ဦးသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ငြင်းဆိုသည်။

အဆိုပါ ဖမ်းဆီးခံသွားရသည့် အမျိုးသား ၇ ဦးသည် စစ်ကောင်စီက PDF ထောက်ပို့ဟု စွပ်စွဲဖမ်းဆီးခြင်းသည် မှန်ကန်မှုရှိ မရှိ KNG က အတည်ပြုနေဆဲ ဖြစ်သည်။

ဖားကန့်တွင် ယခုနှစ်အတွင်း အရပ်သားများ ဖမ်းဆီးခံရမှုမိုပိုများပြားလာပြီး အများစုမှာ စစ်တပ်သတင်းပေးများကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေသည်။

ထို့အပြင် မတ်လ ၁၁ ရက်နေ့တွင်လည်း ဖားကန့် ဖားပြင်ကျေးရွာရှိ ရိုးရာယဉ်ကျေးမှုရုံးတွင် အစည်းအဝေးလုပ်ရန် ပြင်ဆင်နေသည့် KIA ၊ PDF တပ်ဖွဲ့ ၄ ဦးနှင့် အရပ်သားပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ဖြစ်စဉ်ရှိသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလပိုင်းမှစကာ ကျောက်မျက်လုပ်ကွက်များအတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့ပေါ်ရပ်ကွက် ကျေးရွာများအတွင်း အစုလိုက်အပြုံလိုက် လိုက်လံဖမ်းဆီးမှု ပိုမိုလုပ်ဆောင်နေသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...