ရေလုပ်သားတစ်ဦးရေထဲပြုတ်ကျပျောက်ဆုံးမှု တစ်လနီးပါးကြာမှ ဖြစ်စဉ်အမှန်ပေါ်ပေါက်

ရေလုပ်သားတစ်ဦးရေထဲပြုတ်ကျပျောက်ဆုံးမှု တစ်လနီးပါးကြာမှ ဖြစ်စဉ်အမှန်ပေါ်ပေါက်
by -
ရဲနိုင်
စက်တင်ဘာ ၂၄၊  ရဲနိုင်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာအုပ်စုနေ ရေလုပ်ငန်းရှင် ဦးမြင့်ကိုပိုုင်ဆိုင်သော စိန်ပိုက်ငါးဖမ်းလှေသည် ကပ္ပလီပင်လယ်၊ ၀ါးကျွန်းအနောက်မြောက်၊ ရေမိုင် (၀.၅)မိုင်အကွာတွင် သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းက အင်ဂျင်ပြုပြင်ရန် ကျောက်ချရပ်နားစဉ် ရေလုပ်သားတစ်ဦး ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့မှု စက်တင်ဘာလ ၂၀ ရက်နေ့ လှေထွက်ရန်စစ်ဆေးစဉ်မှ သံပိုက်ဖြင့်အရိုက်ခံရမှုကြောင့် ရေထဲပြုတ်ကျခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု ရေးမြို့မရဲစခန်းက သိရသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက်နေ့က ယင်းစိိန်ပိုက်ငါးဖမ်းစက်လှေပေါ်တွင် လှေလုပ်သား ကျော်ဦးသည် မူးယစ်ပြီး ထမင်းစားသည့်ကိစ္စနှင့်ပတ်သက်၍ စက်လှေထမင်းချက် စိုင်းမျိုးရွှေ(ခ)စောမင်းနောင် (၄၄)နှစ် (ဧရာဝတီတိုင်းဒေသကြီးနေသူ)အား ရန်စစကားပြောဆိုရာ စိုင်းမျိုးရွှေမှ ထိုးကြိတ်ကန်ကျောက်နေသဖြင့် သိန်းစိုးနိုင်မှ ၀င်ရောက်တားမြစ်ရန်လုပ်ရာ စိုင်းမျိုးရွှေက ၀င်မရှုပ်နဲ့ဟုပြောသဖြင့် စက်လှေအိပ်စင်သို့သွား၍ နေလင်း (၂၅)နှစ်နှင့်အတူ စက်လှေ၏အနောက်ဘက် အိပ်စင်မှကြည့်နေစဉ် စိုင်းမျိုးရွှေမှ စက်လှေပေါ်ရှိ သံပိုက်လုံးဖြင့် (၃/၄)ချက်ခန့်ရိုက်ခဲ့ရာ ကျော်ဦးမှာ ရေထဲသို့ ပြုတ်ကျသွားကြောင်း၊ သံပိုက်လုံးကိုလည်း ရေထဲသို့ပစ်ချခဲ့သည်ကို သိန်းစိုးနိုင်နှင့် နေလင်းတို့က မြင်တွေ့ခဲ့ကြောင်း၊ ထို့နောက် စိုင်မျိုးရွှေမှ သိန်းစိုးနိုင်နှင့် နေလင်းတို့အား မင်းတို့ပြန်ပြောလျှင် သတ်ပစ်မည်ဟုခြိမ်းခြောက်သဖြင့် ငါးဖမ်စက်လှေပဲ့နင်း ကိုထွန်းထွန်းအား မပြောပြခဲ့ကြောင်း၊ ပဲ့နင်းကိုထွန်းထွန်းမှ စက်လှေလုပ်သားများအားလူစစ်ဆေးစဉ် စိုင်းမျိုးရွှေက စက်လှေပေါ်မှ ခုန်ချထွက်ပြေးသွားသည်ဟု ပြောခဲ့ကြောင်း၊ စိုင်မျိုးရွှေမှာ သိန်းစိုးနိုင်နှင့်နေလင်းတို့အား မကြာခဏ ခြိမ်းခြောက်ပြောဆိုခြင်းနှင့် အခြားရေလုပ်သားများအားလည်း နှိပ်စက်ညှင်းပန်းမှုများပြုလုပ်တတ်သဖြင့် ပင်လယ်ပြင်တွင်အလုပ်လုပ်ဆက်လုပ်ရန် မပျော်တော့ဘဲ လှေလုပ်သား (၁၀)ဦးမှာ စက်ဆရာနိုင်နိုင်ဦးအား အံဒင်ဘက်သို့ပို့ခိုင်းခဲ့ကာ အံဒင်ကျေးရွာသို့ရောက်ရှိစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးကိုအကြောင်းကြားခဲ့ပြီး သိန်းစိုးနိုင်မှ ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။ ပင်လယ်ပြင်အတွင်း သေမှုသေခင်းနှင့်ဖြစ်ပွားမှုနှင့် လူသတ်မှုအချို့အစဉ်အလာတစ်ရပ်ကဲ့သို့ တိုးပွားလာနေပြီး ကာကွယ်ထိန်းသိမ်းရန်အတွက် ရေလုပ်သားများအား စနစ်တကျမှတ်ပုံတင်ရေးဆောင်ရွက်ရန်နှင့် ဥပဒေနှင့်အညီ အလုပ်သမားကတ်ရရှိအောင် စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ပင်လယ်ပြင်၏ ကြမ်းတမ်းသောလုပ်ငန်းသဘာဝအရ ကျန်းမာခြင်းရှိ/မရှိကိုလည်း စိစစ်ကြပ်မတ်ရန်လိုအပ်ကြောင်း ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။ '' ကျန်းမာရေးဖြစ်စဉ်ကြောင့်ဖြစ်တာတွေနဲ့ အခြားအကြောင်းအရာမျိုးစုံ အတွေ့အကြံုမရှိပဲလာတယ်၊ ရောင်းစားခံရတဲ့ဖြစ်စဉ်နဲ့ရောက်လာတာတွေဖြစ်တာတွေလဲရှိတယ်၊ ဆန္ဒကြောင့်မဟုတ်ဘဲနဲ့ စိတ်ပိုင်းဆိုင်ရာအရ မှုခင်းတွေလဲဖြစ်လာတယ်၊ တရားဝင်အေးဂျင့်နဲ့စနစ်တကျနဲ့လဲဆောင်ရွက်စေချင်ပါတယ်၊ ရေလုပ်သားအဖွဲ့အစည်းတွေမှာဖြစ်နေတာဖြစ်ပေမယ့် ရေးမြို့ဒေသခံတွေရဲ့စိတ်ထဲမှာလဲ စိုးရိမ်စိတ်တွေဖြစ်ပေါ်နေတယ်၊ ဒါမျိုးတွေကို မဖြစ်မနေဆောင်ရွက်သင့်တယ် '' ဟု ၄င်းက ဆက်လက်ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့မရဲစခန်းမှ စိုင်မျိုးရွှေ(ခ)စောမင်းနောင်အား မမစ(ရေး) (ပ) ၂၃၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇/၅၀၆ အရ အမှုဖွင့်လှစ်ထားရှိပြီး သက်သေခံပစ္စည်းရရှိရေးနှင့် ရေထဲပြုတ်ကျခဲ့သူကျော်ဦးအား ပြန်လည်တွေ့ရှိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ရေးမြို့နယ်၌ ၂၀၁၆ ခုနှစ်အတွင်း သေမှုသေခင်းနှင့် လူသတ်ပေါင်း ၆၉ ခုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းဖြစ်စဉ် ၅၈ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့် သေမှုသေခင်းဖြစ်စဉ်ပေါင်း ၄၅ ခုပါ၀င်ကာ လူသတ်မှုဖြစ်စဉ် ၁၁ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ပေါင်း ၆ ခုပါ၀င်ကြောင်း၊ ယခုနှစ်တွင်လည်း စက်တင်ဘာလအထိ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်သော သေမှုသေခင်းနှင့် လူသတ်မှုပေါင်း ၄၀ ဖြစ်ပွားခဲ့ပြီး ပွင့်လင်းရာသီတွင် ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများအား ပညာပေးဟောပြောမှုများဆောင်ရွက်ရန်ရှိကြောင်းလည်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့တို့၏ ညွှန်ကြားမှုဖြင့် ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ပြဿနာများညှိနှိုင်းဖြေရှင်းခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပြီး ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူကုန်တားစု(၉)၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များတို့က အစုအဖွဲ့ (၁၀)ခုဖွဲ့စည်းကာ ခေါင်းစဉ် (၁၀)ခုဖြစ်သော အလုပ်သမားမှန်ကန်မှုရရှိရန်မည်သို့စည်းရုံးရှာဖွေမလဲ၊ ယုံကြည်ရသောပွဲစားကို ဘယ်လိုစိစစ်မွေးမလဲ၊ အလုပ်သမားဦးစီးဌာနမှ ရေလုပ်သားပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ၊ ငါးလုပ်ငန်းဦးစီးဌာနမှ လုပ်ငန်းရှင်တွေကို ဘယ်လိုစိစစ်ပေးမလဲ၊ ရေတက် ရေကျချိန်၍ အလုပ်လုပ်ရသဖြင့် အလုပ်ချိန်နှင့်အိပ်ချိန် ဘယ်လိုသတ်မှတ်ပေးမလဲ၊ ဖောင်(၁)ဖောင်လျှင် အလုပ်သမားဘယ်နှစ်ဦးထားမလဲ၊ အလုပ်သမားများအား အလှည့်ကျစနစ်ဖြငင့် ကုန်းပေါ်လုပ်ငန်းတစ်လှည့်၊ ပင်လယ်ပြင်လုပ်ငန်းတစ်လှည့် စီစဉ်ပေးနိုင်လျှင် အဆင်ပြေမလား၊ ရေလုပ်သားများ၏လုပ်ခနှင့်ပတ်သက်၍ မည်ကဲ့သို့စီစဉ်ပေးနိုင်လျှင် အဆင်ပြေမလဲ၊ ကျန်းမာရေးနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်လျှင်အဆင်ပြေမလဲ၊ ဖောင်တွင်နေထိုင်စဉ် ကျန်ရှိသောမိသားစုအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မလဲ တို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...