ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ စကားများရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်။
ဩဂုတ်လ ၁ ရက်နေ့ ည ၇ နာရီခန့်က ဟားခါးမြို့ ရှုခင်းသာအနီးရှိ စစ်တပ်၏ စစ်စခန်းငယ်တွင် စစ်တပ် လက်အောက်ခံ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်တချို့ အချင်းချင်း စကားများရန်ဖြစ်ရာမှ အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
CDF - ဟားခါး ဥက္ကဋ္ဌက “ဩဂုတ်လ ၁ ရက်နေ့ အဖြစ်အပျက်က တော်တော်လေး ရှုပ်ထွေးတယ်။ စစ်ကောင်စီ ဘက်က ဇာတ်လမ်းဆင်ပြီးတော့ ကျနော်တို့ကို ပြည်သူက အပြစ်တင်အောင် ဇာတ်ခင်းထားတာပေါ့။ အဲဒီဗျူး ပွိုင့်မှာနေတဲ့ စစ်ခွေးတွေက အချင်းချင်းပြဿနာဖြစ်တာ။ စစ်သားတွေက အဲဒီရဲတွေကို နှိမ်ပြီးပြောတော့ အချင်းချင်း ရန်ဖြစ်ကြတာပေါ့။ သူတို့ရန်ဖြစ်သံကို ည ၇ နာရီကျော်ကတည်းက ပတ်ဝန်းကျင်က ကြားနေ ရပြီး အစပိုင်းမှာ ပစ်ခတ်သံ တချက်စီပဲ ကြားတယ်။ နည်းနည်းကြာတော့ တိုက်ပွဲဖြစ်သလို ပစ်တာ၊ နောက်ပြီး မှ ရမ်းသမ်းပစ်ပြီးမှ ပြည်သူတွေနေတဲ့ အိမ်တွေဘက်ကို ချိန်ပစ်တယ်” ဟု ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ဟားခါးမြို့ပေါ်နေ အသက် ၅၁ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးမှာ ပေါင်နှစ်ဖက် စလုံး ကျည်ထိမှန်ခဲ့သော်လည်း သေနတ်သံများကြောင့် ဆေးရုံသို့ အလျင်အမြန် သွားရောက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့နောက် ကျည်ထိမှန်ဒဏ်ရာကို အိမ်တွင်ပင် ကုသနေစဉ် ည ၁၂ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။
အလားတူ ဩဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် ရှုခင်းသာစစ်စခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ဖျားနာမှုကြောင့် သေဆုံးသည်ဟု သတင်းလွှင့်ကာ စစ်အုပ်စု တပ်ဖွဲ့ဝင်များက အလောင်းကို သင်္ဂြိုလ်ခဲ့ကြသည်။ သို့သော် ဖြစ်စဉ်အမှန်မှာ ၎င်းတို့အချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရန်ဖြစ်စဉ်အတွင်း အခြားရဲတပ်ဖွဲ့ ဝင်တစ်ဦးလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
“မနက်မိုးလင်းတော့ အဲဒီက ရဲတစ်ယောက် ဖျားနာလို့ ဆုံးသွားတယ်ဆိုပြီး သင်္ဂြိုလ်တာ ရှိတယ်။ နောက် တနင်္ဂနွေနေ့မှာ CDF ဟားခါး လာပစ်တယ်ဆိုပြီးတော့ အောက်က ဘုရားကျောင်း ၂ ခုကိုလည်း ဝင်ပြီး ဝတ်ပြု စုဝေးသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ သတင်းပြန်လိုက်တော့ စစ်သားတစ် ယောက်က ရဲတစ်ယောက်ကို သေနတ်နဲ့ ပစ်တယ်။ ပစ်ပြီးတော့မှ ပွဲချင်းသေတယ်။ အဲဒါနဲ့ သူတို့က ရန်ဖြစ် ရင်းနဲ့ ရဲတစ်ယောက်က ထွက်ပြေးသွားတယ်တဲ့။ အဲလိုနဲ့ သူတို့က အချင်းချင်း ပစ်သတ်တယ်ဆိုတာ အထက် လူကြီးတွေ သိရင် သူတို့ခံရမှာစိုးလို့ ဇာတ်ခင်းသွားတာပေါ့။ ကျနော်တို့ သွားပစ်လို့ တိုက်ပွဲဖြစ် သလိုလိုနဲ့” ဟု CDF - ဟားခါး ဥက္ကဋ္ဌက ဆက်ပြောသည်။
ထိုသို့ဖြင့် CDF ဟားခါးတပ်ဖွဲ့က မြို့ပေါ်သို့ လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ဘက်က လုပ်ကြံဇာတ်လမ်းဆင်ကာ သတင်းအမှားများ ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့က CDF - ဟားခါးတပ်ဖွဲ့အနေဖြင့် မြို့ပေါ်တွင် မည်သည့်စစ်ဆင်ရေးမှ သွားရောက်ပြု လုပ်ခဲ့ခြင်း မရှိကြောင်း ဆိုသည်။
သို့သော် လက်ရှိတွင် CDF တပ်ဖွဲ့များ လာရောက်ပစ်ခတ်သည်ဟု စွပ်စွဲကာ ဒေသခံပြည်သူများကို စစ်ဆေးခြင်း နှင့် ဧည့်စာရင်းစစ်ခြင်းများကို မဟုတ်မမှန် လုပ်ဆောင်လျက်ရှိသည်။
တော်လှန်ရေး ၅ နှစ်ကျော်ကာလအတွင်း CDF - ဟားခါးတပ်ဖွဲ့သည် မြို့ပေါ်စစ်ဆင်ရေး ၁၅၀ ကျော် ပြုလုပ်ခဲ့ရာ တွင် ပြည်သူလူထု ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ခဲ့ကြောင်း တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓါတ်ပုံ - ခိုနူမ်းသုန်







