ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်တပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် အထိနာကာ ဆုတ်ခွာနေရကြောင်း စစ်ရေးသတင်းရင်း မြစ်များက ပြောသည်။
ဖလူးဒေသကို ပြန်လည်သိမ်းပိုက်ရန် စစ်တပ်က အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) နှင့် တပ်မ (၂၂) တို့ကို အသုံးပြုကာ စစ်ကြောင်းလမ်းကြောင်းအမျိုးမျိုးဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေး တပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ အကြိမ်ကြိမ် အရေးနိမ့်နေခြင်း ဖြစ်သည်။
အထူးသဖြင့် ဩဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ခမရ (၂၀၃) မှ ဗိုလ်မှူး အဆင့်ရှိ စစ်ကြောင်းမှူးတစ်ဦး အပါအဝင် စစ်ကြောင်းတစ်ခုလုံး အပြုတ်သတ်ခံလိုက်ရကြောင်း ကျားသစ်နက် စစ်ကြောင်းနှင့် KNU တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြေပြင်တွင် အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားလာခြင်းကြောင့် စစ်တပ်ဘက်
တွင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာနေပြီး မြို့ပေါ်ရှိ အရပ်သားဆေးရုံများအထိပါ ဒဏ်ရာရစစ်သည်များကို တင်ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “အခုက စစ်တပ်ဘက်က အင်အားအလုံးအရုံးနဲ့ ထိုးစစ်ဆင်နေပေမယ့် မြေ ပြင်မှာ တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုကို အပြင်းအထန် ခံနေရတယ်။ သူတို့ဘကက် အထိနာလို့ ဆုတ်ခွာနေရ သလို ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေလည်း များတယ်လို့ သိရတယ်” ဟု ပြောသည်။
တစ်ဖက်တွင်လည်း ရှေ့တန်းစစ်မျက်နှာပြင်၌ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်း စေခံထားရသည့် တပ်သားသစ်အချို့မှာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများနှင့်အတူ နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံ ဆက်တိုက်အလင်းဝင်ရောက် ခိုလှုံလာလျက်ရှိကြောင်း KNU က ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခံနေရသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အသက်အန္တရာယ်အတွက် နီးစပ် ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အမြန်ဆုံး အလင်းဝင်ရောက်ကြရန် KNU နှင့် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားကြသည်။
ထိုကဲ့သို့ တိုက်ပွဲများ ပြင်းထန်နေစဉ်အတွင်း စစ်တပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် နယ်စပ်ကိုကျော်လွန်ကာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မယ့်ကိုကင်းရွာအတွင်းရှိ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဩဂုတ်လ ၂ ရက်နေ့က ဖော်ပြခဲ့သည်။
မဲဆောက်နေ မြန်မာတစ်ဦးက “မြဝတီတောင်ဘက်က တိုက်ပွဲကတွေ ဆက်ဖြစ်နေတုန်းပဲဗျ။ တော်တော် ပြင်း ပြင်းထန်ထန်ပဲ ဖြစ်နေတာ။ ထိုင်းဘက်ခြမ်းကနေတောင် ကြားနေရတာမျိုးရှိတယ်။ ၂ ရက်နေ့ကဆိုရင် စစ် တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကို ထပ်ကျတယ်။ လူနေအိမ်တွေပေါ် ကျတယ်လို့ ပြောတယ်။ မယ့်ကိုကင်းရွာက လူနေအိမ် ၅လုံးနဲ့ ဘုန်းကြီးကျောင်းအပေါ် ကျတယ်။ ထိုင်းသတင်းတွေမှာ လည်း တောက်လျှောက်ပါနေတာပဲ” ဟု ပြောသည်။
ထိုသို့စစ်တပ်၏ လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်စပ်တစ်လျှောက်တွင် စစ်ရေးအသင့်အနေအထား တိုးမြှင့်ပြင်ဆင်ထားကြသည်။
ထိုင်း-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက် ကင်းလှည့်မှုကို တင်းကျပ်ထားသလို ဒေသခံပြည်သူများ၏ လုံခြုံရေး အတွက် နယ်စပ်စောင့်တပ်များနှင့် ဒေသန္တရအာဏာပိုင်များက အထူးသတိပေးချက်များ ထုတ်ပြန်ကာ လိုအပ် သည့် ကာကွယ်ရေးနှင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရေး အစီအမံများကိုပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ သည်။







