မူးယစ်နှင့်ကျားဖြန့်နှိမ်နင်းရေး ‘ဝ’ တပ်ဖွဲ့နှင့် NSPNC နေပြည်တော်၌ ထပ်မံဆွေးနွေးဟုဆို

မူးယစ်နှင့်ကျားဖြန့်နှိမ်နင်းရေး ‘ဝ’ တပ်ဖွဲ့နှင့် NSPNC နေပြည်တော်၌ ထပ်မံဆွေးနွေးဟုဆို

‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့သည် မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဩဂုတ်လ ၄ ရက် နှင့် ဩဂုတ်လ ၃ ရက်နေ့တို့တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ‘ဝ’တပ်ဖွဲ့ UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ နှစ်ရက်တာ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှုအတွင်း ပါဝင်ခဲ့သည့် UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “မနေ့က NSPNC နဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ ဒီကနေ့တော့ ပြီးပါပြီ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ စစ်အုပ်စု လက်အောက်ခံ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ် ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် UWSP နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအခင်းအကျင်းများ ရရှိလာစေရန် အသေးစိတ် ဆက်လက်ဆွေးနွေးစေလို ကြောင်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့သည်။

အလားတူ UWSP ဘက်မှ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသ နိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူနှင့် လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးကျောက်ညီရန်းတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးညီရန်းက “အဓိကတော့ ကျနော်တို့ ယုံကြည်မှုပိုမိုတည်ဆောက်ရေးရယ်၊ ဒေသတွင်း ကျန်းမာရေး၊ ပညာ ရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် ဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက်ပြီး ဒေသ အတွင်းမှာ ရှိနေတဲ့ မူးယစ်ဆေးဝါး ပြီးတော့ အွန်လိုင်းလိမ်လည်မှုတွေ တိုက်ဖျက်ဖို့ အဲ့တာတွေလည်း အဓိက ဆွေးနွေးဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

NSPNC နှင့် တွေ့ဆုံမှုအတွင်း UWSP ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူး တာဝန်ထမ်းဆောင်ခြင်းကို ဂုဏ်ပြုကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေးကို စောင့်ထိန်းကာ ငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် စစ်အုပ်စု၏ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို UWSA ဘက်က ထောက်ခံပြီး သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ရန် လိုက်နာကျင့်သုံးနေကြောင်း၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု စသည့် ပြစ်မှုအမျိုးမျိုးကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

UWSP ၏ နိုင်ငံရေးလိုလားချက်နှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြောင်း စစ်အစိုးရဘက်မှ ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။

နေပြည်တော်ရှိ စစ်အစိုးရထံ ‘ဝ’ပြည်နယ် ဖွဲ့စည်းပေးရန် UWSA တောင်းဆိုမှုကို နှစ်ဘက်ထပ်မံ ဆွေးနွေးခဲ့ ခြင်းနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းထံ သဘောထား မှတ်ချက်ပေးရန် ဆက်လက်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

NSPNC နှင့် UWSP ကြား အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်ကို ရှင်းပြပြီး ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်တွင် UWSA ထိန်းချုပ်ရာ ပန်ဆန်းမြို့သို့ NSPNC ကိုယ်စားလှယ်များ သွားရောက်ပြီး UWSP ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုမှတစ်ဆင့် ယခုကဲ့သို့ နေပြည်တော်သို့ UWSP ခေါင်းဆောင်များ သွားရောက်ဆွေးနွေးသည့် အဆင့်အထိ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့ တွေ့ဆုံမှုတွင် UWSA ဘက်မှ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြသေးသည်။

August 6, 2026
သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမိုးရာသီ ကာလအတွင်း ရာသီ...
August 6, 2026
သျှမ်းပြည်၊ သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းနေသည့် ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်ရေမှာ...
August 5, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်...
August 4, 2026
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ (UWSA) ကိုယ်စားလှယ်များသည် စစ်အုပ်စုနှင့်...