ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး အဖွဲ့များအပေါ် ကန့်သတ်ဖိအားပေးမှုများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသော်လည်း ထိုင်းနိုင်ငံ၏ အမျိုးသား အကျိုးစီးပွား မူဝါဒအရ စိုးရိမ်စရာမရှိ ကြောင်း စောင့်ကြည့်နေသူ အချို့က သုံးသပ်ပြောဆိုသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုကို မိတ်ဘက်နိုင်ငံအချို့အပါအဝင် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြ သည့် အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံတို့က နိုင်ငံရေးအရ အသိအမှတ်ပြုပြီးနောက် ထိုင်းအစိုးရဘက်ကလည်း တရားဝင် ထိတွေ့ဆက်ခံလာသည်။
စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ဦးမင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း နှစ်ဘက်တာဝန်ရှိသူများသည် ထိုင်းအစိုးရအိမ်တော်၌ အာဆီယံနှင့်ပတ်သက်သည့် မြန်မာ့အရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ နယ်စပ်ကုန်သွယ် ရေးနှင့် စွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့ ကြသည်။
မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “တကယ့်လက်တွေ့ မြေပြင်အခြေအနေ အရ ဆိုရင်တော့ ထိုင်းအစိုးရအနေနဲ့ တစ်ဘက်တည်းကိုတော့ ဆက်ဆံဖို့ မလွယ်ဘူး။ နှစ်ဘက်စလုံးကိုတော့ (စစ် အစိုးရနဲ့ ဒေသအခြေစိုက် တိုင်းရင်းသားအဖွဲ့တွေ) မျှဆက်ဆံရမယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ပိုပြီး အရင်ကထက် ကြပ်တဲ့ ဖိအားတွေ ပိုရှိလာနိုင်တယ်။ အထူးသဖြင့်တော့ လက်နက်ရရှိရေးတို့ ဆေးဝါးရိက္ခာ ရရှိရေးတို့ လှုပ်ရှားမှုတွေ သွားလာနေတဲ့ဟာတွေ ကန့်သတ်တာတွေ ပိုခံရလာနိုင်ပါတယ်” ဟု ပြောသည်။
နှစ်နိုင်ငံပူးတွဲကြေညာချက်တွင်မူ မြေပြင်လုံခြုံရေးအခြေအနေအပေါ် မူတည်ကာ ကျန်ရှိနေသေးသော နယ်စပ် နှင့် ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရေး စဉ်းစားရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။
သို့သော် မြေပြင်တွင် စစ်အုပ်စုမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် PDF များကသာ နယ်မြေအများအပြားကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
အာဆီယံပဋိညာဉ်စာတမ်း မူဘောင်များအညီ မြန်မာနိုင်ငံ၏ အပြည့်အဝ တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံက ကူသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မြန်မာ့ကိုယ်ပိုင်နည်းလမ်းများဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးကို ဆွေးနွေးခဲ့ကြသည်။
ဦးမင်းအောင်လှိုင်ကလည်း NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြော ဆိုခဲ့သည်။
သို့သော် အားလုံးနှင့် ထိတွေ့ဆက်ဆံမည့် ထိုင်းနိုင်ငံ၏ မူဝါဒအရ နယ်စပ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေး အဖွဲ့တွေအပေါ် ဖိအားဖြစ်လာစရာ အကြောင်းမရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး (၂) ဦးဗညားက သံလွင်တိုင်းမ်သို့ ပြောသည်။
“ဘယ်အစိုးရတက်တက် သေချာတာတစ်ခုကတော့ နယ်စပ်ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ဖြစ် ဖြစ် လူမျိုးစုတွေအပေါ်မှာကတော့ ထိုင်းအစိုးရကနေ ၁၀၀ ရာခိုင်နှုန်း ပစ်ပယ်တာ တစ်ခါမှ မရှိခဲ့ဘူး။ အဲဒါ ကြောင့်မို့ ကျနော်အနေနဲ့ကတော့ လူထုလှုပ်ရှားမှုပဲ ပြောပြော ရှိနေပြီးသား တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် ထိုင်းရဲ့ဖိအားက ကျကျနနနဲ့ ဖြစ်စရာအကြောင်းကို မရှိဘူး။ အားလုံးနဲ့ ထိတွေ့မယ်ဆိုတဲ့ ထိုင်းရဲ့ မူဝါဒ အရ Thai First ဆိုတဲ့ ထိုင်းရဲ့ National Interest အကျိုးစီးပွားကို ကျနော်တို့က နားလည်သဘောပေါက် မယ် ဆိုရင်တော့ ဘာမှကို ပူစရာမလိုဘူးလို့ပဲ မှတ်ချက်ပြုလိုပါတယ်။”
လက်ရှိ အခြေအနေတွင် မြေပြင်အချက်အလက်များနှင့် အမျိုးသားအကျိုးစီးပွားအရ ထိုင်းအစိုးရအနေဖြင့် နှစ် ဘက်စလုံးကို ချိန်ထိုးဆက်ဆံသွားမည် ဖြစ်ပြီး အသာစီးရမည့်ဘက်ဆီသို့ ဦးတည်သွားနိုင်ချေရှိကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
နှစ်နိုင်ငံ ဆွေးနွေးပွဲများတွင် နယ်စပ်တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအပြင် အလုပ်သမားရေးရာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လေးရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။







