အင်းတော်ကြီးတွင် ရွှေတူးနေသည့် စက်ယန္တရားအချို့နှင့် ရွှေလုပ်သား ၂၀ နီးပါးကိုစစ်ကောင်စီဖမ်းဆီး

အင်းတော်ကြီးတွင် ရွှေတူးနေသည့် စက်ယန္တရားအချို့နှင့် ရွှေလုပ်သား ၂၀ နီးပါးကိုစစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

”မိုင်းနောင် တောမှာရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရတာ စစ်ကြောင်းက အင်အား ၃၀ လောက်ရှိတယ်။ ၁၁ ရက်နေ့က စစ်ကြောင်းထိုးသွားတာ မနေ့ကပြန်လာတယ် ပြန်လာတော့ ဘတ်ဟိုးရယ် မြေကောတဲ့ကားရယ် မောင်းလာတယ်။ ပြီးတော့ ကျင်းသားတွေလည်း အများကြီးဖမ်းလာတယ် ကျင်းသားဦးရေက အတိအကျမသိရဘူး ၂၀ နီးပါးရှိမယ်ဗျ”ဟုမျက်မြင်တွေ့ခဲ့သည့် မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဖမ်းဆီးထားသည့် ဘက်ဟိုးတစ်စီး၊ မြေကောစက်တစ်စီး၊ မှုံစက်နှစ်လုံးနှင့် ကျင်းသားများကို လက်ရှိ လုံးတုံးမြို့ရှိ စစ်ကောင်စီ၏ အရှေ့တိုင်းရုံးတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

လက်ရှိ မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း တောထဲတွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင် ရာဂဏန်းရှိနေပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် လုပ်ငန်းရပ်နားထားပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

”အဲ့မိုင်းနောင်တောမှာက ရွှေတူးနေတာကြာပြီလေ။ အရင် NLD အစိုးလက်ထက်ကတည်းက ခိုးတူးနေတာ တာပေမယ့်အဲ့ချိန်တုန်းက အရမ်းဖမ်းတော့ နားလိုက်ကြတာ။ အခုအာဏာသိမ်းတဲ့နောက်ပိုင်းပြန်တူးလာကြတာ အခုဖမ်းထားတဲ့စက်တွေပြန်ပေးမပေးတော့မသိဘူး။ ကျင်းသားတွေကိုတော့ ပြန်လွတ်လာဖို့တော့ အလားအလာရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းတော်ကြီးဒေသ ဖားကန့် – အင်းတော်ကြီး လမ်းမကြီးအနီး မမုံကိုင်ကျေးရွာရွာအနီးတွင် တစ်နေရာနှင့် လုံးတုံးနှင့်မိုင်၂၀ခန့်ဝေးသည့် နန့်ရင်းခ ချောင်းဖျား တရားမဝင်ရွှေတူးဖော်မှုများဆက်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

အင်းတော်ကြီးဒေသတစ်ဝိုက် မမုံကိုင်၊ မိုင်းနောင်နှင့် လုံးတုံကျေးရွာ အနောက်ကြောဘက်တွင် တရားမဝင်ရွှေတူးဖော်နေသည့် ဘက်ဟိုး၊ မြေသယ်ကား အစီး ၅၀ ခန့်ကို စစ်တပ်က ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ဖမ်းဆီးခဲ့ပြီးနောက် အင်းတော်ကြီးဒေသတစ်ဝိုက် ကြီးကြီးမားမား ရွှေတူးဖော်မှု ခေတ္တရပ်နားခဲ့ပြီးနောက် ယခုပြန်လည်စတင်လာခြင်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...