စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လင်မယား နှစ်ဦး ထိခိုက်သေဆုံးမှုဖြစ်

စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လင်မယား နှစ်ဦး ထိခိုက်သေဆုံးမှုဖြစ်

အင်းတော်မြို့တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦး ထိမှန်ရာမှ အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် အင်းတော်မြို့တွင်းရှိ စစ်ကောင်စီတပ်သည် အင်းတော်မြို့အနောက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပဲစိုက်နေသည့် လင်မယားနှစ်ဦးအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသားဖြစ်သူမှာ သွေးထွက်လွန်၍ သေဆုံးသွားကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”တိုက်ပွဲလည်းမဖြစ်ပါဘူး အဲ့ဒီအင်းတော်မြို့နောက်ဘက်က အင်းပတ်လမ်းဘက်မှာ လက်နက်တွေ ရမ်းပစ်တာ အဲ့ဒါကြောင့်မို့ အင်းပတ်လမ်းနားက ပဲခင်းမှာ လင်မယားနှစ်ယောက် ပဲစိုက်နေတာ။ ထိတာက ၂ယောက်လုံးထိတာ။ ဒါပေမယ့်အမျိုးသားက သွေးထွက်လွန်ပြီး သေသွားတယ်”ဟု ပြောသည်။

သေဆုံးသွားသည့် အမျိုးသားမှာ ဦးနိုင်ဝင်း အသက် ၄၂ နှစ်ဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အင်းတော်မြို့ နယ် နန့်မဟုတ်ကြီးကျေးရွာအနီးရှိ လယ်ကွင်းတစ်ခုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်ကလည်း အင်းတော်ရဲစခန်းဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သားအမိသုံးဦးထိမှန်ခဲ့ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး မိခင်နှင့် ကျန်ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ဖူးသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...