KIA တပ်မဟာ ၂ နှင့် ၉ တို့တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် KIA ဘက် ထိခိုက်သေဆုံးမှုရှိ

KIA တပ်မဟာ ၂ နှင့် ၉ တို့တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် KIA ဘက် ထိခိုက်သေဆုံးမှုရှိ

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ နှင့် ၉ နယ်မြေတွင် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများမှာ ကချင် စစ်ကိုင်းနယ်စပ် ခန္တီးဒေသ KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ နှင့် ၂၆ တပ်စခန်းများနှင့် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ ဌာနချုပ်တို့တွင် ဖြစ်သည်။

ယမန်နေ့ ညနေ ၆ နာရီ ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်မဟာ ၂ ဌာနချုပ်တွင် ဂျက်လေယာဉ် ၃ စီးဖြင့် ၃ ကြိမ် ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ KIA ဝန်ထမ်း ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု KIA တပ်မဟာ ၂ နှင့် နီးစပ်သည့် ပြည်သူတစ်ဦးထံမှ သိရသည်။

“ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်တယ် စခန်းအတွင်းက အဆောင်တစ်ခုလည်း လက်နက်ကြီးထိသွားတယ်လို့ကြားတယ်။ ပြီးရင်အထဲက ၃ ယောက်လောက်ထိသွားတယ်တဲ့။ ၃ ယောက်ထဲမှာ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယလို့ပြောတယ်။ ကျန် ၂ ယောက်တော့ အသေးစိတ် မသိရသေးဘူး”ဟုပြောဆိုသည်။

စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၃ ဦးအနက် ၂ ဦးမှာ အမျိုးသားဖြစ်ပြီး ၁ ဦးမှာ အမျိုးသမီးဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးတစ်လုံးသည် တပ်မဟာ ၂ အနီးတဝိုက် လောဒ်အောင် ကျေးရွာတွင် ကျမှန်ပေါက်ကွဲမှုရှိခဲ့သည်ဟုလည်း သိရသည်။

ယခုလို KIA တပ်မဟာ ၂ တိုက်ခိုက်ခံရမှုမှာ ရှဒူးဇွပ်ဒေသတွင် KIA တပ်ရင်း ၁၄ အဖွဲ့က စစ်ကောင်စီ လက်အောက်ခံ မင်းဇင်သန့်ပြည်သူ့စစ်အဖွဲ့ကို ပိတ်ဆို့ရန် ရွှေတူးနေသူများကို သတိပေး ထွက်ခွာခိုင်းစေမှုကြောင့် ဖြစ်နိုင်သည်ဟု ရှဒူးဇွပ်ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ထို့အပြင် ညနေ ၄ နာရီခန့်တွင်လည်း ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၂၆ တပ်စခန်းနေရာတစ်ခုကို စစ်တပ်က ဂျက်လေယာဉ် ၁ စီးဖြင့် ၃ ကြိမ်တိုက်ခိုက်သွားကြောင်း ဆယ်ဇင်းဒေသ KIA တာဝန်ရှိသူတစ်ဦး ယခုလိုပြောဆိုသည်။

“ဒီမှာလာပစ်တဲ့အချိန်က ၄ နာရီလောက်ရှိပြီ။ ဗုံးကျဲတာက ၃ ကြိမ်လောက်ရှိတယ် ဒါပေမယ့် ထိခိုက်တာမရှိဘူး။ လေယာဉ်က ဘယ်ဘက်ကနေ လာတာ သေချာမသိလိုက်ရဘူး ရောက်လာမှသိလိုက်ရတယ်”ဟု ဆိုသည်။

ထိုနည်းတူ KIA တပ်မဟာ (၉) လက်အောက် ကချင် – စစ်ကိုင်အစပ်ကြားတွင်ရှိသည့် ခန္တီးဒေသ KIA တပ်ရင်း ၃၁ တပ်စခန်းနေရာတွင်လည်း တပြိုင်တည်း ၂ နေရာတွင် ပစ်ခတ်သွားသည်ဟု သိရသည်။

ဆယ်ဇင်းဒေသတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား တစ်ပတ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာလကုန်ပိုင်းကလည်း ဟူးကောင့်ချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နေရာ နှင့် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်တွင် အခြေစိုက်ထားသည့် KIA တပ်စခန်းနေရာများကို စစ်ကောင်စီက လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့သဖြင့် KIA တပ်စခန်းတစ်ချို့ ဆုတ်ခွာလိုက်ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...