ဒီးမော့ဆိုမှာ လက်နက်ကြီးထိမှန်ပြီး သက်ကြီးရွယ်အို တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ဒီးမော့ဆိုမှာ လက်နက်ကြီးထိမှန်ပြီး သက်ကြီးရွယ်အို တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ ဒီဇင်ဘာလ ၃ရက်  ည ၇ နာရီဝန်းကျင်အချိန် စစ်ကောင်စီအခြေစိုက်တပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုအနောက်ဖက်ခြမ်းက အသက် ၅၅နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး သွေးထွက်လွန် သေဆုံးခဲ့ရသလို ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက အသက် ၇၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ လက်နက်ကြီး ၂လုံး ကျရောက်ခဲ့ပြီး လက်နက်ကြီး စထိမှန်မှုကြောင့် စစ်ရှောင်တဲထဲ အိပ်နေတဲ့ အသက် ၅၅နှစ်အရွယ် ဒေါ်စုမြာ ရဲ့ ညာဖက်ပေါင် ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေါ်စုမြာ ခင်ပွန်း ဖြစ်သူ က ပြောပြပါတယ်။

“တဲရဲ့ ခေါင်းမိုးကနေ ဖောက်ပြီး ထိသွားတာ။ ပေါင် ကျိုးသွားပြီ သူပြောတော့ ကျနော့် သူ့ကို ဖက်ပြီး ဘားမဖြစ်ဘူး မကျိုးဘူး ကျနော် သူ့ကို ပြောတယ်။ ဒါပေမယ့် သူ သွေးထွက် တအားများတော့ အသက်ဆုံးသွားတယ်။ “ လို့ ဒေါ်စုမြာ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ဒေါ်စုမြာဟာ ဒေါနိုးကူး ရွာဒေသခံဖြစ်ပြီး နေ့ဖက်တွေမှာဆို ရွာမှာ ပြန်အလုပ်လုပ်ကာ ညဖက်ဆိုရင် စစ်ရှောင်တဲဆီ ပြန်အိပ်တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစစ်ရှောင်နေရာမှာ အလားတူတဲအိမ်နဲ့ နေထိုင်တဲ့သူ စစ်ရှောင်အယောက်၂၀ ဝန်းကျင်ရှိနေပါသေးတယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာလည်း ညနေပိုင်းအချိန် လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် လေဖြတ်ဝေဒနာခံစားနေရတဲ့ အသက် ၇၇နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး ဘယ်ဖက်လက် အရိုးကျိုးသွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောပြပါတယ်။

“ ၇နာရီ မိနစ်လေးဆယ် အချိန်မှာ ကျထိတာ။ သက်ကြီးအမျိုးသားတစ်ဦးကို စင်ထိသွားတာ။သူက လေဖြတ်နေတယ်။ ပြီးတော့ လက်နက်ကြီး အသံလည်း သူမကြားရဘူး။ ထိတာက သူ့ ဘယ်ဖက်လက် ထိသွားတယ်။ ညာဖက်လက်ကလည်း လေဖြတ်လို့ မလှုပ်နိုင်ဘူး။ အဲ့တာ လှုပ်ရှားနိုင်တဲ့ ဘယ်ဖက်လက်ကို လက်နက်ကြီးစ ထိသွားတယ်ပေါ့။ “

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ လက်နက်ကြီး ၅လုံးထက် မနည်း ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၃ရက် တစ်ရက်အတွင်းမှာပဲ လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာမှာ လက်နက်ကြီး ကျရောက်ခဲ့ပြီး ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...