လာမည့် နှစ်ပတ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်မည်

လာမည့် နှစ်ပတ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်မည်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်  လာမည့် နှစ်ပတ်အတွင်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ (လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး) ဒေါက်တာဝင်းမြတ်အေး က မဇ္စျိမသို့ အတည်ပြုပြောဆိုလိုက်သည်။

အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီမှ လုပ်ငန်းစဉ်များကို ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်မှ စတင်ပြီး လာမည့် ၂ ပတ်အတွင်း အကောင်အထည်ဖော်မည် ဖြစ်သည်။

"သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စီမံချက်တွေ ရေးဆွဲပြီးတော့ နှစ်ပတ်အတွင်း အပြီးဆွဲမယ်။ ၀န်ကြီးဌာနအလိုက် တင်ပြတဲ့ စီမံချက်ကလေးတွေကို စုလိုက်ရင် ကော်မတီကြီးတစ်ခုလုံးရဲ့ မဟာဗျူဟာစီမံချက်ကြီးဖြစ်သွားမယ်။ လက်တွေ့အခြေအနေနဲ့ သုံးသပ်ပြီးတော့မှ အကောင်အထည်ဖော်မှာပေါ့" ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် ကော်မရှင်များ (ဒုသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်၊ မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်) မှ နိုင်ငံသားပြုမှု ကိစ္စရပ်များ ၊ IDPs စခန်းများကို ဖျက်သိမ်းရေး ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရေး ၊ လုံခြံုရေး ကိစ္စရပ်များ စသည့် အကြံပြုချက်များကို အစိုးရထံ အကြံပြုထားသည်။

ယင်းအကြံပြုချက်တို့ကို စုစည်းပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီ မညီ သုံးသပ်ကာ မဟာဗျူဟာ စီမံချက်ဖြင့်  ဦးစားပေး လုပ်ငန်းစဉ်များကို အဆင့် တစ် ၊နှစ် ၊ သုံး ခွဲကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေး၏ ရှင်းလင်းပြောဆိုချက်အရ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်ထည်ဖော်ရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တို့အပါအဝင် ၀န်ကြီးဌာနအများစုမှ အမြဲတမ်းအတွင်းဝန်များကို ကော်မတီအဖွဲ့ဝင်များအဖြစ် နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်သည်။

အစိုးရအနေဖြင့် မစ္စတာ ကိုဖီအာနန် ကော်မရှင်မှာ တင်သွင်းထားသည့် ကြားဖြတ်အစီရင်ခံပါ အချက်များထဲမှ ကမန်တိုင်းရင်းသားများ ပါ၀င်သည့် IDPs စခန်းများကို ပိတ်သိမ်းပြီး မူလရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့်ပေးခဲ့သည်များ လုပ်ဆောင်ထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းတာဝန် မှာ (၁၀) ချက် ရှိနေပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရမှ ဖွဲ့စည်းပေးထားသည့် ကော်မရှင်နှစ်ခု (ဒုသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၊ မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်) ၏ အကြံပြုချက်များလည်း ရှိနေကြောင်း သိရသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...