မင်းပြားတွင် စစ်ဇက်ရေယာဥ် ၂ စီးကို AA က ကြားဖြတ်တိုက်ခိုက်ပြီးနောက် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ စစ်ရဟတ်ယာနှင့်ပါ စစ်ကူတိုက်ခိုက်

မင်းပြားတွင် စစ်ဇက်ရေယာဥ် ၂ စီးကို AA က ကြားဖြတ်တိုက်ခိုက်ပြီးနောက် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ စစ်ရဟတ်ယာနှင့်ပါ စစ်ကူတိုက်ခိုက်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ယနေ့နံနက်က စစ်ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ရဟတ်ယာဉ် တစ်စီးနှင့်ပါ စစ်ကောင်စီက စစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာ ရဲစခန်းအနီး မြစ်ကွေ့တွင်တက်လာသည့် စစ်ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များက ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဇက်ရေယာဥ်များနှင့် AA တို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ခဏအကြာတွင် စစ်ရဟတ်ယာဥ်တစ်စီးကပါလာရောက်၍ စစ်ကူပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက "အပြန်အလှန် မိနစ် ၄၀ လောက်ဖြစ်ခဲ့ကြပါတယ်။ စစ်ရဟတ်ယာဥ်လည်း ခဏလေးအတွင်းမှာ ရောက်လာပြီး ပစ်တယ်"ဟု ပြောသည်။

အပြန်အလှန်ပစ်ခတ်ပြီးနောက် ၁၀ နာရီခွဲခန့်တွင် ယခုဖြစ်ပွားခဲ့သည့်နေရာအနီးတဝိုက်ကို မင်းပြားရှိတပ်ရင်းဘက်က လက်နက်ကြီးများဖြင့် လှမ်း၍ပစ်ခတ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး အထိအခိုက်များ လောလောဆယ်မရှိသေးဟုလည်း ဆိုသည်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နံနက်ကလည်း စစ်တွေဘက်မှလာသည့် စစ်တပ်ဇက်ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးနှင့်ပစ်ခတ်ပြီးနောက် ဇက်ရေယာဉ်နှင့် စစ်ရဟတ်ယာဉ်တို့ကပါ အနီးအနား ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ပစ်ခတ်ခဲ့၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် လူငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...