ကျောက်ဖြူ မင်းတက်တောင်ကျေးရွာမှ ဒေသခံ ၂ ဦးကို AA ကို သတင်းပေးပို့သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

ကျောက်ဖြူ မင်းတက်တောင်ကျေးရွာမှ ဒေသခံ ၂ ဦးကို AA ကို သတင်းပေးပို့သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ တောင်ဘက် ( ၇) မိုင်ကျော်ခန့် အကွာတွင် တည်ရှိသည့် မင်းတက်တောင်ကျေးရွာမှ ဒေသခံပြည်သူ ၂ဦးကို ရက္ခိုင့်တပ်တော် ( AA) ကို သတင်းပေးပို့သည်ဟုဆိုကာ နိုဝင်ဘာ ၆ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာမှ ဦးသိန်းတန်(၄၇) နှစ်နှင့် ဦးတင်အောင်(၅၀)နှစ်ဝန်းကျင်တို့ ဖြစ်ကြသည်။

သူတို့အထဲမှ ဦးတင်အောင်ကို ယမန်နေ့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်တွင် သူအလုပ် လုပ်ကိုင်နေသည့် နတလကျောင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသိန်းတန်ကိုမူ ည ၉ နာရီအချိန်ခန့်က သူ့နေအိမ်အတွင်းမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ဦးတင်အောင်က နတလကျောင်းမှာ စားဖိုမှူးလုပ်နေတာ။ အဲဒီမှာ ညနေ ၃ နာရီလောက်က သူ့ကို ဖမ်းသွားတယ်။ ပြီးတော့ စစ်သားတွေက သူ့ကိုပါခေါ်လာပြီးတော့ ည ၉ နာရီလောက်မှာ ဦးသိန်းတန်ကို ဖမ်းခေါ်သွားတာ”ဟုပြောသည်။

ဦးသိန်းတန်ကို ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ ခလရ (၃၄)၊ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းမှ စစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်ခန့်က အေအေကို သတင်းပေးပို့သည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

လက်ရှိအချိန်တွင် ၎င်းတို့ ၂ ဦးကို မည်သည်နေရာတွင် ဖမ်းဆီး ထိန်းသိန်းထားသည်ကို မသိရသည့်အပြင် ရိုက်နှက်စစ်ဆေးမည်ကိုပါ အထူးစိုးရိမ်နေကြသည်ဟု မိသားစုဝင်များက ပြောသည်။

ဦးသိန်းတန်၏ အိမ်ရှင်မဖြစ်သူက “အိမ်မှာ သားမိ ၂ ယောက်ပဲကျန်တော့တယ်အခု။ ကျမယောကျ်ားကို အမြန်ဆုံး လွတ်ပေးစေချင်ပါတယ်။ ကျမယောကျ်ားက အေအေဝင်ထားတာလည်းမဟုတ်ဘူး။ ဒီလိုမျိုးဆက်စပ်တာလည်းမရှိဘူး။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေကြတာပါ။ မိုးရာသီ လယ်လုပ်၊ နွေရာသီ ကားမောင်းနေတာပါ။ သေချာစုံစမ်းပြီးရင် ပြန်လွှတ်ပေးစေချင်ပါတယ်” ဟုပြောသည်။

သူတို့ ၂ ဦးကို မည်သည်နေရာတွင် ဖမ်းဆီးထားသည်ကို သိချင်ပြီး တွေ့ခွင့်ရချင်သည်ဟု မိသားစုဝင်များကပြောသည်။

ကျောက်ဖြူတွင် စစ်ကောင်စီတပ်က ဒေသခံ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသည့်အထဲတွင် အစိုးရဝန်ထမ်းများလည်း ပါဝင်နေသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအထဲမှ တချို့ကို ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)(ခ) အစရှိသည်တို့ဖြင့် တရားစွဲဆိုထားကာ တချို့ကို မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရဘဲ မိသားစုနှင့်လည်းတွေ့ခွင့်မရဖြစ်နေသည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တကျော့ပြန် တိုက်ပွဲပြန်လည် ပြင်းထန်လာသည့် သြဂုတ်လမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းမှ အရပ်သားပြည်သူများကို နေ့စဉ်ဆိုသလို ဖမ်းဆီးမှုများဆက်တိုက်ရှိနေပြီး ဖမ်းဆီးခံရမှုအထဲတွင် ကျောက်ဖြူမြို့နယ်ထဲမှ အများဆုံးဖြစ်ကာ လူပေါင်း ၃၀ ကျော်ဖမ်းဆီးခံထားရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...