ရခိုင်တွင် စစ်ဇက်ရေယာဥ် ၂ စီးကို AA ကတိုက်ခိုက်၊ စစ်ဇက်ရေယာဥ်များကလည်း အနီးအနားကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တုံ့ပြန်ပစ်ခတ်

ရခိုင်တွင် စစ်ဇက်ရေယာဥ် ၂ စီးကို AA ကတိုက်ခိုက်၊ စစ်ဇက်ရေယာဥ်များကလည်း အနီးအနားကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တုံ့ပြန်ပစ်ခတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ထဲတွင် စစ်ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်ခဲ့ပြီး စစ်ဇက်ရေယာဥ်များကလည်း အနီးအနား ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေဘက်မှ ကုလားတန်မြစ်အတိုင်းတက်လာသည့် အဆိုပါ စစ်ဇက်ရေယာဥ်များကို AA တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့အရှေ့ဘက်ကမ်းရှိ သကြားစက် မော်ထောက်အနီးတွင် ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရ၍ စစ်ဇက်ရေယာဥ်များဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးအနားဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

"သူတို့က ကျောက်တော် စကခ (၉)တပ်မကိုလာတာ။ အဲဒီမှာ တိုက်ခိုက်ခံရလို့ သူတို့က အဲဒီကနေ ဖြိုပစ်နေတာ။ စစ်သားတွ အပေါ်ကိုတော့ မတက်ကြသေးဘူး"ဟု ပြောသည်။

ယင်းသို့ ပစ်ခတ်နေမှုကြောင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲလျက်ရှိပြီး ဒေသခံများလည်း အထူးစိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။

ဒေသခံတစ်ဦးက "လောလောဆယ် ခေါင်းတုတ်ရွာမှာ လက်နက်ကြီးတစ်လုံးကျတယ်လို့ သိရတယ်။ ပြီးတော့ ရွှေပြည်သစ်ရွာထဲလမ်းကြားမှာ တစ်လုံးကျတယ်။ ကွမ်းသီးပင်တွေ ပြိုလဲသွားတယ်။ နောက်ပြီး ရွာပြင်မှာတစ်လုံးကျတယ်။ လူအထိအခိုက်တွေတော့ လောလောဆယ်မရှိသေးဘူး"ဟု ယနေ့နံနက် ၁၀ နာရီ ၁၀ မနစ်တွင် ပြောသည်။

အဆိုပါ စစ်ဇက်ရေယာဥ် ၂ စီးပေါ်တွင် ရိက္ခာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါရှိပြီး တပ်ဖွဲ့ဝင်အင်အားမည်မျှပါရှိသည်ကို ပစ်ခတ်မှုများရှိနေဆဲဖြစ်သည့်အတွက် သွားမကြည့်ရဲ၍ မသိနိုင်သေးဟုလည်း ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းကလည်း စကခ(၉)တပ်မအနီး ကုလားတန်မြစ်တွင် ရပ်နားထားသည့် စစ်ဇက်ရေယာဉ် ၂ စီးသည် AA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက် စခက(၉)က လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့် နဂရာကျေးရွာမှ ရွာသားအချို့လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရပြီး အနီးအနားကျေးရွာအချို့မှ ရွာသားအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...