ရခိုင်တွင် ရေကြောင်းဥပဒေပုဒ်မ (၄၃)ဖြင့် အမှုဖွင့်ခံထားရသည့် စက်လှေပိုင်ရှင် ၉ ဦးအထဲက ၂ ဦးကို ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံအမှုဖွင့်ပြီး တစ်ဦးကိုအမှုရင်ဆိုင်ရန်လာစဉ်ရဲကဖမ်းဆီး

ရခိုင်တွင် ရေကြောင်းဥပဒေပုဒ်မ (၄၃)ဖြင့် အမှုဖွင့်ခံထားရသည့် စက်လှေပိုင်ရှင် ၉ ဦးအထဲက ၂ ဦးကို ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံအမှုဖွင့်ပြီး တစ်ဦးကိုအမှုရင်ဆိုင်ရန်လာစဉ်ရဲကဖမ်းဆီး

ရခိုင်တွင် ရေကြောင်းဥပဒေပုဒ်မ (၄၃)ဖြင့် အမှုဖွင့်ခံထားရသည့် စက်လှေပိုင်ရှင် ၉ ဦးအနက်က စက်လှေပိုင်ရှင် ၂ ဦးကို ရက္ခိုင့်တပ်တော် (AA)ကို အခွန်ဆောင်၍ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထပ်မံ အမှုဖွင့်လိုက်ပြီး ၎င်းတို့နှစ်ဦးအထဲက တစ်ဦးကို စစ်တွေမြို့နယ် တရားရုံးသို့ အမှုရင်ဆိုင်ရန်လာစဉ် ရဲကဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။  

ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံလိုက်ရသည့် စက်လှေပိုင်ရှင် ၂ ဦးမှာ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ဦးသိန်းထွန်း (၄၂ နှစ်)နှင့် အငူမော်ကျေးရွာအနီးရှိ မကျည်းချောင်းကျေးရွာမှ ဦးသန်းဝင်း (၅၆ နှစ်)တို့ဖြစ်ပြီး ဦးသိန်းထွန်းသည် ယခင်ဖွင့်ထားသည့်အမှု ရေကြောင်း ဥပဒေပုဒ်မ (၄၃) ကို တရားရုံး၌ ရင်ဆိုင်ရန် နိုဝင်ဘာ ၂ ရက်က လာရောက်စဉ် ရဲက ဖမ်းဆီးသွားခဲ့သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ကျန်တစ်ဦးဖြစ်သူ ဦးသန်းဝင်းမှာ ယမန်နေ့ ရုံးချိန်း စစ်တွေမြို့နယ်တရားရုံးသို့ ခရီးလွန်နေသည့် အတွက် တရားရုံးသို့ ရောက်မလာခဲ့သဖြင့် ဖမ်းဆီးမခံရကြောင်း ၎င်းက ပြောသည်။

"စရဖရဲ့ ဘုတ်ပိုင်ရှင် ၉ ဦး စစ်ချက်မှာ AA ကိုဆက်သွယ်ဖူးလား၊ AA နဲ့ အပေးအယူ လုပ်ဖူးလားပေါ့။ ဘုတ်မောင်းခတစ်နှစ်မှာ ဘယ်လောက်ပေးရလဲ အဲလိုဟာတွေကိုစစ်တယ်တဲ့။ စစ်တဲ့အခါ သူတို့ ၂ ဦးက  ပေးဖူးတယ်ပေါ့။ အဲလိုသဘော။ ဘုတ်ရှင် ၂ ယောက်ပေးဖူးတယ် ဆိုတာကို ထွက်ဆိုတယ်။ ဒါကြောင့် သူတို့ကို ၁၇ (၁) နဲ့စွဲတာ"ဟု ပြောသည်။

သူတို့ ၂ ဦးသည် အေအေကိုအခွန်ဆောင်သည်ဟု ထွက်ဆိုသည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်  စစ်တွေအခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးက တရားလိုလုပ်ကာ စစ်တွေ အမှတ် ၁ ရဲစခန်းတွင် ပုဒ်မ ၁၇ (၁)ဖြင့် ထပ်မံ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

၎င်းတို့နှစ်ဦးသည် ယခင် အမှုဖွင့်ခံထားရသည့် ရေကြောင်းဥပဒေပုဒ်မ (၄၃) အပြင် မတရားဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီကျော်က စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးရှိ မင်းချောင်းတံတားအောက်၌ ဆိုက်ကပ်ထားသည့် ခရီးသည်တင် စက်လှေ ၉ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်အင်အားစုစုပေါင်း ၄၀ ခန့်က လာရောက် ဖမ်းဆီးပြီး ရေချမ်းပြင်ဆိပ်ကမ်းသို့ ဆွဲယူသွားခဲ့သည်။

ဘုတ်ပိုင်ရှင် ၉ ဦးကိုလည်း စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ကာ ရဲတပ်ဖွဲ့က ရေကြောင်းဥပဒေပုဒ်မ (၄၃) ဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော် ၎င်းအမှုမှာ အာမခံပေးနိုင်သဖြင့် ဖမ်းဆီးပြီး ၁၀ ရက်အကြာ သူတို့ကို ရဲက လွှတ်ပေးခဲ့သည်။

အဆိုပါစက်လှေများသည် ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပေါက်တောမြို့များကို ခရီးသည်များနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးနေသည့် အရပ်သား စက်လှေများဖြစ်ကြပြီး မည်သည့် တရားမဝင် ကုန်ပစ္စည်းများကို တင်ဆောင်ခြင်း၊ သယ်ယူခြင်း မရှိဟု ဘုတ်ပိုင်ရှင်များက ပြောသည်။

သို့သော်လည်း စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရခိုင်လူမျိုးများကို အေအေတပ်တော်ကို ထောက်ခံကောင်းရလားဟုဆိုကာ ဖမ်းဆီးနှိပ်စက်တရားစွဲမှုများ ပြုလုပ်နေရာ အဆိုပါ စက်လှေပိုင်ရှင် ၉ ဦးမှာ စစ်ကောင်စီတပ်၏ သားကောင်များဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောဆိုသည်။

လက်ရှိတွင် စက်လှေ ၉ စီးစလုံးသည် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး စက်လှေပိုင်ရှင် ၇ ဦးသည် ရေကြောင်းဥပဒေပုဒ်မ (၄၃)ဖြင့် အာမခံဖြင့် အမှုရင်ဆိုင်နေရကာ ကျန် ၂ ဦးမှာ ရေကြောင်းဥပဒေပုဒ်မ (၄၃)နှင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)တို့ဖြင့် အမှုရင်ဆိုင်နေရမည် ဖြစ်သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...