မဟာမုနိဘုရားကိုအကာအကွယ်ယူထားသည့်စစ်ကောင်စီတပ်က ဘုရားတွင် ပန်းရန်လုပ်ကိုင်နေသူ ၃၀ခန့်၏ ဖုန်းများကိုသိမ်းယူစစ်ဆေး

မဟာမုနိဘုရားကိုအကာအကွယ်ယူထားသည့်စစ်ကောင်စီတပ်က ဘုရားတွင် ပန်းရန်လုပ်ကိုင်နေသူ ၃၀ခန့်၏ ဖုန်းများကိုသိမ်းယူစစ်ဆေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ သမိုင်းဝင်မဟာမုနိဘုရားကို အကာအကွယ်ယူကာ စခန်းချ နေရယူထားသည့် စစ်ကောင်စီတပ်သည် ဘုရားမွမ်းမံပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ပန်းရန်အလုပ်သမား အယောက် ၃၀ ခန့်၏ ဖုန်းများကို သိမ်းယူသွားကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းပန်းရန်သမားများ၏ ဖုန်းများကို ယနေ့နံနက်က စစ်ကောင်စီတပ်သားများမှ သိမ်းဆည်းသွားပြီး စစ်ဆေးမှုများပြုလုပ်ပြီးနောက်ပိုင်း  ယနေ့နေ့လယ်တစ်နာရီခန့်တွင် ဖုန်းများအားပြန်လည် ပေးအပ်ခဲ့ကြောင်း မဟာမုနိဘုရားအနီးရှိ ဒေသခံတစ်ဦးကပြောသည်။

ဘုရားဖူးလာသူ တစ်ဦးက " ပန်းရန် အလုပ်သမားတွေဆီက ဖုန်းတွေကို သိမ်းသွားတယ်။ အားလုံးစိုးရိမ်စရာဖြစ်သွားတယ်။ သုံလေးနာရီ စစ်ပြီးတော့ ပြန်လို့တော့ ပေးတယ်။ သူတို့ ပန်းရန်သမားတွေကိုလည်း သင်္ကာမကင်းလို့ စစ်တယ်နေမှာပေါ့" ဟုပြောသည်။

လက်ရှိတွင် မဟာမုနိဘုရားရင်ပြင်ကို အကာအကွယ်ယူပြီး စစ်ကောင်စီက ဘုရားပရိ၀ုဏ်အထဲတွင် တပ်စခန်းချထားသဖြင့် ဘုရားဖူးလာရောက်သူများလည်း ယခင်ကထက် နည်းပါးလျက်ရှိကား ဘုရားသိမ်းတော်ပြုပြင်သည့် လုပ်သားများအနေ့ဖြင့်လည်း လုံခြုံရေး စိုးရိမ်စရာဖြစ်နေရသည်ဟု  ဒေသခံတစ်ဦးက ပြောသည်။

“ အခုက ဘုရားဖူးဖို့ ဘာညာလာမယ်ဆိုရင် ဖုန်းတွေပါလို့ မရဘူး။ ဖုန်းပါရင်လည်း သူတို့ရှေ့မှာ ပေါ်တင်ကိုင်ပြီး တွေ့တာနဲ့ ဖမ်းစစ်တော့တာပါဘဲ။ ဖုန်းထဲမှာ အေအေကရုပ်ပုံတွေပါလို့မရဘူး။ သူတို့က မသင်္ကာရင် စစ်မယ်၊ ပြီးရင်ဖမ်းကြမယ်။ အခုလူတွေ ဖုန်းကိုင်ရမှာကိုတောင် ကြောက်နေရတဲ့ ဘ၀ကိုရောက်နေကြရတယ်။  ဦးလေးတို့လည်း ဘုရားဖူးရင်း ဓာတ်ပုံရိုက်ချင်ပေမယ့် ပြဿနာ တက်မှာစိုးလို့ ဖုန်းမယူခဲ့ရဘူး။ ဖုန်းယူမလာဘဲအလွတ်လာတာဖြစ်တယ်။ အရင်က ဒီလို မဟုတ်သေးဘူး။ အခုတလောမှ ပိုပြီး အာဏာပြပြီး တင်းကျပ်လာတယ်”ဟု ပြောဆိုသည်။

အဆိုပါ ပန်းရန်အလုပ်သမားများသည်  မဟာမုနိဘုရားသိမ်တော်အား ပြုပြင်မွန်းမံ လုပ်ကိုင်နေသူများဖြစ်ကြပြီး ယခင်နှစ်များကပင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြကာ ယခုအခါ ပန်းရန်လုပ်သားများကိုပါ စစ်တပ်က မယုံသင်္ကာဖြစ်လာနေသည်ဟု ဆိုသည်။

ထို့အပြင် အဆိုပါဘုရားရင်ပြင်ပေါ်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများသည် ညအချိန်တွင် သောက်စားမူးယစ်ကာ သေနတ်ပစ်ခတ်မှုများလည်း မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟုလည်း  ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်သည် အေအေနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည့် မြို့နယ်တစ်ခုဖြစ်ပြီး မကြာခဏ စကခ (၉)နှင့် အခြားစစ်ကောင်စီအခြေစိုက်တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များကို လူနေကျေးရွာများထဲသို့ ပစ်ခတ်မှုပြုလုပ်သဖြင့် အောက်တိုဘာ ၃၁ ရက်နေ့ ညဉ့်အချိန်က အိမ်ထဲကျသဖြင့် အိပ်နေသည့် သားမိသားဖ ၃ ဦး အသက်ဆုံးပါးသွားခဲ့ရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...