တောင်ကုတ်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို AA က မိနစ်အနည်းငယ်ကြာ ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားများအကျအဆုံးများဟုဆို

တောင်ကုတ်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို AA က မိနစ်အနည်းငယ်ကြာ ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားများအကျအဆုံးများဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်-သံတွဲကားလမ်းမအနီးတွင် ယမန်နေ့ နံနက်က စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က အလစ်ဝင်တိုက်ခဲ့၍ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အကျအဆုံးရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီခွဲခန့်က တောင်ကုတ်-သံတွဲကားလမ်းမဘေး သက်ကယ်ပြင်ရွာအနီးတွင် အင်အား ၂၀ ကျော်ခန့်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်း တစ်ခုကို AA က အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"စကစဖက်ကလည်း လက်နက်ကြီးပစ်ပါတယ်။ AA ဘက် အရင်ထိုးစစ်ဆင်ပြီး ပစ်ပါတယ်။ စကစ ၂၀ ကျော်လောက် အကျအဆုံးရှိပါတယ်။ စကစဘက်က ULA နဲ့ဆက်စပ်တဲ့သူတွေကို ရွာတွေ၊ မြို့တွေမှာပါ လိုက်လံဖမ်းဆီးနေတာတွေရှိလို့ ဒီလိုမျိုးပြန်ပြီးလုပ်တာထင်ပါတယ်။ AA ဘက်ကလက်နက်ကြီးတစ်လုံး အရင်ဦးသွားပါတယ်။ ၁၀ ကျော်လောက်တော့ အကျအဆုံးရှိတယ်လို့သိရတယ်။ သူတို့လမ်းလျှောက်လာတာမှာတော့ စစ်သား  ၂၆ ယောက်လောက်ပါတယ်လို့သိရတယ်" ဟုပြောသည်။

ထိုသို့အလစ်ဝင်တိုက်ခံရပြီးနောက်တွင် တောင်ကုတ်မြို့အခြေစိုက်တပ်ရင်းများက မိနစ်အနည်းငယ်ကြာ လက်နက်ကြီးများ ပစ်ကူပေးခဲ့ပြီး စစ်ကားအနည်းငယ်လည်း တပ်ကူပေးရန် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားကျဆုံးသည်ဟု သတင်းရင်းမြစ်က ပြောသော်လည်း နိရဉ္စရာ သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ထို့အပြင် ယင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးရှိ ကျေးရွာများမှ ရွာသားများကိုလည်း စစ်ကောင်စီက အစည်းအဝေးခေါ်ယူပြီး သတိပေးပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်ကလည်း တောင်ကုတ်မြို့နယ် AA ယာယီအခြေစိုက်စခန်း တစ်ခုကို စစ်ကောင်စီကလာတိုက်ခဲ့ပြီး AA က တန်ပြန်ပစ်ခတ်မှုများပြုလုပ်ခဲ့၍ အထိအခိုက်အကျဆုံးများဖြင့် ပြန်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

လက်ရှိရခိုင်ပြည်အနှံ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့၏ စစ်ရေးအခြေအနေမှာ တင်းမှာနေပြီး တောင်ကုတ်မြို့နယ်အထိ တိုက်ပွဲများ ဖြစ်ပွားလာကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...