ကျောက်တော်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ မိသားစုဝင် ၃ ဦးပွဲချင်းပြီးသေဆုံး

ကျောက်တော်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ မိသားစုဝင် ၃ ဦးပွဲချင်းပြီးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ညဥ့်အချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာ တစ်အိမ်တည်းနေထိုင်သူ မိသားစုဝင် ၃ဦးနှင့် သူတို့ပိုင်ဆိုင်သည့် နွား ၄ ကောင် သေဆုံးသွားပြီး လူနေအိမ် ၃ ဆောင်လည်း ပျက်စီးသွားသည်ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားသူတို့မှာ ကျောက်တော်မြို့နယ်၊ ပီစိကျေးရွာမှ ဦးစိုးဝင်း(၄၅)နှစ်၊ ဒေါ်သန်းသန်းဝေ(ခ)ဒေါ်ပုကေ(၄၄)နှစ်နှင့် သမီးဖြစ်သူ ဆဋ္ဌမတန်းကျောင်းသူ မဖြိုးဖြိုးဝေ(၁၄)နှစ်ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာ ၃၁ ရက် ည ၁၁ နာရီခန့်တွင် ကျောက်တော်၊ စခက(၉)တပ်မှ လက်နက်ကြီးများ အလုံး(၁၀)ကျော်ခန့်  ကျေးရွာများ အတွင်းသို့ တမင်ပစ်ခတ်သဖြင့် ပီစိ(ရခိုင်)ကျေးရွာမြောက်ပိုင်း၌ သီးသန့်ရှိသော လူနေအိမ် ၃ အိမ်အနက် အလယ်အိမ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲရာမှ ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"အဲ့ဒီအချိန်ဆိုတော့ အားလုံးအိပ်နေကြပြီ။ သူတို့အိမ်အနီးမှာ လာကျတာ။ ကျည်စတွေထိပြီး သားမိသားဖ ၃ ယောက်ပွဲချင်းပြီးသေသွားတာ။ သူတို့နွား ၄ ကောင်လည်းသေသွားတယ်။ ၂ ကောင် ဒဏ်ရာရတယ်။ သူတို့မှာ မိသားစု ၄ ယောက်ရှိတာ။ သားက မလေးရှားမှာ အလုပ်လုပ်နေတယ်။ လက်နက်ကြီးပစ်တုန်း ဘေး၂ အိမ်က ဗုံးကျင်းထဲဝင်လို့ရသွားတယ်။ ကျန်နေခဲ့တဲ့ သူတို့ ၃ ဦးက ထိတာပဲ။ ရစရာမရှိအောင်ကို ထိထားတယ်" ဟု ပြောသည်။

လက်နက်ကြီးကျည်စထိမှန်၍ ဦးစိုးဝင်းနှင့် သမီးဖြစ်သူ မဖြိုးဖြိုးဝေတို့တွင် ဘယ်ဘက် ရင်ဘတ်တစ်ကိုယ်လုံးတွင်ထိမှန်ပြီး ဒေါ်သန်းသန်းဝေ(ခ) ဒေါ်ပုကေတွင် ဦးခေါင် ဦးနှောက်များပွင့်ပြီး ဘယ်လက်တို့၌ ကျည်စထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခြင်း ဖြစ်သည်။

ကျောက်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်၊ ည ၈ နာရီကျော် အချိန်ခန့်ကလည်း ကန်စောက်အခြေစိုက် ၅၃၉တပ်မှ လက်နက်ကြီးပစ်ခတ်၍ ဆင်မကျော်(မြို)ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ လူနေအိမ် ၂ ဆောင်ပျက်စီးသွားပြီး နဝမတန်းကျောင်းသူ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...