ဘူးသီးတောင်တွင် သေနတ်ပစ်ခတ်ခံရ၍ နောက်ထပ်ဒေသခံမူဆလင်တစ်ဦး ထိခိုက်ဒဏ်ရာရ

ဘူးသီးတောင်တွင် သေနတ်ပစ်ခတ်ခံရ၍ နောက်ထပ်ဒေသခံမူဆလင်တစ်ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ နောက်ထပ် ဒေသခံမူဆလင် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဒဏ်ရာရှိသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်အုပ်စု၊ သရက်တောင်ရွာမှ ဦးဆော်လိမ်(ခ) မိုဟာမတ်စလင်း(၅၅)နှစ် (ဘ)  ဦးဟာမိတ်တူဆောင်း ဖြစ်သည်ဟု သိရသည်။

ဦးဆော်လိမ်(ခ) မိုဟာမတ်စလင်းသည် ယနေ့အောက်တိုဘာလ ၂၉ရက်၊ ညနေ ၄နာရီခွဲခန့်အချိန်တွင် သရက်တောင်ရွာနှင့် ဂူတာပြင်ရွာအကြားရှိ လယ်ကွင်းပြင်တွင် နွားကျောင်းနေစဥ် သရက်တောင်ရွာ၏တောင်ဖက် ဘုရားတောင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ခမရ (၂၁၀) တပ်ရင်းမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် လည်ပင်း၌ကျည်ထိကာ ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

"သူက နွားကျောင်းနေတာ။ အဲ့ဒါကို သေနတ်နဲ့ ၄ချက်ပစ်တယ်။ ပထမ ၁ချက်မှာကတည်းက ကျည်ထိပြီးမြေပြင်ပေါ်လဲကျသွားလို့ နောက်ထပ် ၃ချက်က မထိလိုက်တာ။ မဟုတ်ရင် ၄ချက်စလုံးထိပြီးသေသွားနိုင်တယ်။ အခုလည်း  လည်ပင်းမှာ ကျည်ထိပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်" ဟု သရက်တောင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က  ၄ချက်ပစ်ခတ်ပြီး ပထမအချက်တွင်ပင် ဦးဆော်လိမ်မှာလည်ပင်းတွင် ထိကာ မြေကြီးပေါ်သို့ လဲကျသွားပြီး ဒဏ်ရာပြင်ထန်စွာရရှိသွားသည်ဟု သိရသည်။

လက်ရှိတွင် သူ့ကို ဘူးသီးတောင်မြို့ ဆေးရုံသို့ပို့ဆောင်လိုက်ရကာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟုလည်း သိရသည်။

အောက်တိုဘာလ ၂၇ရက်နေ့၊ ညနေ ၆နာရီအချိန်ခန့်ကလည်း ဖိုးခေါင်ချောင်းကျေးရွာမှ စိမ်းညှင်းပြား ရွာဘက်သို့ ဘာသာရေးတရားပွဲသို့ သွားသည့် မူဆလင်တစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

၎င်းပြင် ပြီးခဲ့သည့်  အောက်တိုဘာလ ၁၈ရက်၊ နေ့လယ် ၁၁နာရီခန့်ကလည်း ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေးရွာမှ အသက်(၄၂)နှစ်အရွယ်မူဆလင်အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားခဲ့သည်။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...