လှူဒါန်းခွင့် ပိတ်ပင်ထားခဲ့သည့် နီပွန်ဖောင်ဒေးရှင်းက ရခိုင်စစ်ဘေးရှောင်များအတွက် ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို စစ်ကောင်စီက စတင်လှူဒါန်းခွင့်ပြု

လှူဒါန်းခွင့် ပိတ်ပင်ထားခဲ့သည့် နီပွန်ဖောင်ဒေးရှင်းက ရခိုင်စစ်ဘေးရှောင်များအတွက် ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို စစ်ကောင်စီက စတင်လှူဒါန်းခွင့်ပြု
နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းသည့်ဆန်အိတ်များကို အမ်းရှိ စစ်ဘေးရှောင်များအား လှူဒါန်းခဲ့စဥ်။
နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းသည့်ဆန်အိတ်များကို အမ်းရှိ စစ်ဘေးရှောင်များအား လှူဒါန်းခဲ့စဥ်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ရခိုင်စစ်ဘေးရှောင်များအတွက် လှူဒါန်းထားသည့် ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို စစ်ကောင်စီက ၆ လကြာမှ လှူဒါန်းခွင့်ပြုလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါဆန်များလှူဒါန်းခွင့်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးက ယခုလ အောက်တိုဘာလ ၉ ရက်ခန့်ကမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဆန်လှူဒါန်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ဦးဝင်းအောင်က နိရဥ္စရာကိုပြောသည်။

"ဆန်တွေ အဆင်သင့် ဂိုဒေါင်မှာပြန်လုပ်ရတာနဲ့။ အလုပ်သမား၊ တခြား Volunteer တွေရှာရတာနဲ့၊ သူတို့အားတာနဲ့၊ ကိုယ်တို့ဘက်က အားတာနဲ့ တစ်ပတ်လောက်တော့ ကြန့်ကြာသွားတယ်ပေါ့။ ဗြုန်းစားကြီးခွင့်ပြုလိုက်တော့လေ"ဟု ပြောသည်။

ယင်းသို့ခွင့်ပြုပြီးနောက် အောက်တိုဘာ ၁၈ ရက်မှစတင်ကာ ကျောက်တော်ရှိ စစ်ဘေးရှောင်လူဦးရေ ၆ ထောင်ကျော်အတွက် တစ်ဦးလျှင် ဆန် ၁ အိတ်ကျစီ စတင်လှူဒါန်းခဲ့ပြီး နောက်တစ်နေ့ အောက်တိုဘာ ၁၉ ရက်တွင် အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်လူဦးရေ ၁၃၀၀ ကျော်အတွက် တစ်ဦးလျှင် တစ်လစာခန့်စာနိုင်မည့် ဗူး ၆၀ ခန့်စီ လှူဒါန်းပေးခဲ့ပြီဟု ဆိုသည်။

အလားတူ ယနေ့ အောက်တိုဘာ ၂၁ ရက်တွင်လည်း စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း ၂၇ ခုမှ လူဦးရေ ၂၅၀၀ ကျော်အတွက် တစ်ဦးလျှင် ဗူး ၂၀ ကျစီဖြင့် ၂ပတ်စာ ပထမအသုတ် လှူဒါန်းနေပြီဖြစ်ပြီး ဆက်လက်၍လည်း ကျန်မြို့နယ်များတွင် ဆက်လက်လှူဒါန်းသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစသည့် မြို့နယ် (၉)မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို ပြီးခဲ့သည့် မေလမှစတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေဆုံစဥ် နှုတ်ဖြင့် ကတိပေးလှူဒါန်းထားခဲ့ခြင်းဖြစ်ပြီး မေလတွင် ပေးပို့ခဲ့ခြင်းလည်းဖြစ်သည်။

သို့ရာတွင် စစ်ကောင်စီဘက်က ရခိုင်တွင် တိုက်ပွဲများဖြစ်နေ၍ဟုအကြောင်းပြကာ ထိုဆန်များကိုလှူဒါန်းခွင့်အား တားမြစ်ထားခဲ့သည်။

၆ လအကြာမှ ယခုကဲ့သို့ လှူဒါန်းခွင့်ပေးလိုက်၍ ဆန်အချို့ ပျက်စီးမှုရှိသွားသည်ဟု ဦးဝင်းအောင်က ဆက်ပြောသည်။

"ဆန်အရည်အသွေးကတော့ ကောင်းပါသေးတယ်။ တချို့ဟာတွေကတော့ ပျက်စီးသွားတယ်ပေါ့လေ။ ပျက်စီးသွားတယ်ဆိုတာက တမံတလင်းပေါ်တွေမှာထားတော့ အစိုပြန်တာတွေကြောင့် ဆန်အိတ်တွေက တချို့တဝက် ပျက်စီးသွားတယ်"ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် အစိုးရက ဆန်ပုံမှန်ထောက်ပံ့ခြင်းမရှိ၍ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟုလည်း စခန်းတာဝန်ခံများက ပြောကြသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...