လူမှုကွန်ရက်ကနေ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် သတိပေး

လူမှုကွန်ရက်ကနေ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်သူတွေကို အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် သတိပေး

တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုး မရှိဘဲ နိုင်ငံခြားငွေ ရောင်းချတာ၊ဝယ်ယူတာ ၊လဲလှယ်တာတွေ လုပ်ဆောင်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးထားတာ မရှိဘဲ Facebook စာမျက်နှာမှာ Perfect Money နဲ့ B to P Money Exchange တို့ကနေ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်နေတာတွေ တွေ့ရှိရတဲ့အတွက် တရားစွဲနိုင်ဖို့ ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီ Facebook စာမျက်နှာ နှစ်ခုကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ အရ ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရတဲ့အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ ဗဟိုဘဏ်က တရားစွဲရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် Black Market Rate ၊USD Exchange Rate ၊Gold and Forex Trading စတဲ့ Facebook စာမျက်နှာ ၁၅ ခုကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၈ ပါ ပြဌာန်းချက်မှာတော့‘မည်သူမျှ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ’ ဆိုပြီး တားမြစ်ထားတာပါ။

အဲဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ် ၊ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ့်အပြင် သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းသွားမယ်လို့ ပုဒ်မ ၄၂ မှာ ပြဌာန်းထားပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...