မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် ဆက်ကိုင်စွဲမည်ဟု အာဆီယံဆို

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် ဆက်ကိုင်စွဲမည်ဟု အာဆီယံဆို

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင် အထည်ဖော်မည်ဟု အာဆီယံ (ASEAN) က အတည်ပြုလိုက်သည်။

ဘန်ကောက်မြို့၌ ဇူလိုင် ၁၂ ရက်နေ့က ပြုလုပ်သည့် မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးနှင့် အလွတ်သဘော တွေ့ဆုံပွဲအပြီး ထိုသို့ ထပ်မံအတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း Thai PBS တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံပွဲသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး များနှင့် မြန်မာစစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံး လူချင်းတွေ့ဆုံသည့် အစည်းအဝေးဖြစ်သည်။

ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Maria Theresa Lazaro) က ယခုတွေ့ဆုံပွဲသည် တရားဝင် အာဆီယံအစည်းအဝေး မဟုတ်သော်လည်း မြန်မာ နိုင်ငံနှင့် ဆက်လက်ဆွေးနွေးမှုများ၏ ပထမခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အာဆီယံအနေဖြင့် မြန်မာနိုင်ငံက ဘုံသဘောတူညီချက် ငါးရပ်၏ အဓိကအချက်များအပေါ် လက်တွေ့ ကျပြီး တိုင်းတာနိုင်သည့် တိုးတက်မှုများ ဖော်ဆောင်ရန် မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ရေးဆွဲခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်တွင် –

  • အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်။
  • သက်ဆိုင်သူအားလုံး ပါဝင်သည့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်။
  • အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရန်။
  • လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်။
  • အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရှိရန်။

တို့ ပါဝင်သည်။

လာဇာရိုက ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှုဆိုင်ရာ မစ်ရှင်တစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပြီး အကူအညီပေးရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ရန် ရည်ရွယ်ထား ကြောင်းလည်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် (Sihasak Phuangketkeow) ကလည်း ဆွေးနွေးမှုများသည် ပွင့်ပွင့် လင်းလင်း၊ ရိုးသားပြီး အပြုသဘောဆောင်ကြောင်း ပြောဆိုခဲ့သည်။

အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် နေပြည်တော်နှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များအကြား၊ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ကူညီလွယ်ကူစေရန် အသင့်ရှိကြောင်း ၎င်းက ပြောသည်။

သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မေးမြန်းရာတွင် မြန်မာစစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ပြီး လိုအပ်သည့် စောင့်ရှောက်မှုများ ရရှိနေ ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ဆိုသည်။

ထို့ပြင် အာဆီယံ အထူးကိုယ်စားလှယ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိမည်ဆိုပါက မြန်မာ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များကို အတည်ပြုနိုင်မည်ဖြစ်သဖြင့် ပိုမိုကောင်းမွန်မည်ဟု လည်း အာဆီယံဘက်က မှတ်ချက်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုတွေ့ဆုံမှု၏ ရလဒ်များကို လာမည့်သီတင်းပတ်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနှင့် ယခုနှစ်နှောင်းပိုင်း အာဆီယံထိပ်သီးအစည်းအဝေးတို့တွင် ထပ်မံဆွေးနွေးသွားမည် ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က “ဒီပြဿနာကို ညတွင်းချင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ လက်တွေ့ကျကျ နားလည်ထားပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မှုတွေ မြင်တွေ့လိုပြီး အနာဂတ်မှာ မျှော်မှန်းထားတဲ့ အရာတွေကိုလည်း ရှင်းရှင်းလင်းလင်း ချမှတ်ထားပါတယ်” ဟု ပြောကြားခဲ့ သည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...