တနင်္သာရီမှာ စစ်ကောင်စီတပ်က အရပ်သားကားတွေကို အကာအကွယ်ယူ သွားလာတာတွေ လုပ်လာ

တနင်္သာရီမှာ စစ်ကောင်စီတပ်က အရပ်သားကားတွေကို အကာအကွယ်ယူ သွားလာတာတွေ လုပ်လာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ အရပ်သား ခရီးသွားကားတွေကို ကြားညှပ်ခေါ်ဆောင်ပြီး ဒိုင်းကာအဖြစ် အကာအကွယ်ယူ သွား လာတာတွေ လုပ်ဆောင်လာတယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရင်က စစ်ကောင်စီတပ်ယာဉ်တန်းနဲ့ခရီးသွားလာရာမှာ အရပ်သားကားတွေကို ကြားညှပ်သွားလာတာမျိုးမရှိဘဲ အခုနောက်ပိုင်းကာလတွေကစပြီး အရပ်သားကားတွေကို ကြားညှပ်ပြီး ဒိုင်းကာအနေနဲ့ အသုံးပြုလာတာ ဖြစ်ပါတယ်။

အရပ်သားကားတွေကို ကြားညှပ်သွားလာနေတာဟာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာကြောင့် ဖြစ်ပြီး အခုလုပ်ရပ်ဟာ ဒေသပြည်သူကာကွယ်ရေးအဖွဲ့တွေအပေါ် ပုံဖျက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေ မလုပ်ကြဖို့နဲ့ မဖြစ်မနေ သွားလာရပါက စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဝေးရာကနေ သွားလာကြဖို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းတာပါ။

စစ်ကောင်စီတပ်က အရပ်သားကားတွေကို ကြားညှပ်ပြီး အကာအကွယ်ယူ သွားလာခဲ့တဲ့အတွက် တိုက်ခိုက်ရေး Mission တစ်ခုကို ဖျက်သိမ်းလိုက်ရတယ်လို့ သရက်ချောင်း PDF က ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ အကြိမ် ၁၀၀ ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရပြီး အဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...