KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးဝါးလာ

KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးဝါးလာ

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲတွင် KNLA KNDO တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ရှိနေပြီး ပြည်သူလူထုအပေါ် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဟာလည်း ဆက်လက်ဖြစ်ပေါ်နေတုန်းပဲလို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) လတာအတွင်း ကရင်မျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲအကြိမ်ပေါင်း (၃၀၀) ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃၆၀) ဦးသေဆုံးနဲ့ (၂၇၅) ဒဏ်ရာရရှိခဲ့ကာ KNLA KNDO ဘက်ကတော့ (၇) ဦးကျဆုံးနဲ့ (၃၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

KNU ထိန်းချုပ်ခရိုင်တပ်မဟာတွေထဲမှာ ဖာပွန်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နဲ့ သထုံခရိုင် တပ်မဟာ (၁) တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ဗုံးကြဲတာ ပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ (၆) ဦးသေဆုံးနဲ့ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သား (၁၀) ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

"စက်တင်ဘာလထဲမှာဖြစ်ခဲ့တဲ့လချုပ်စာရင်းအရ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေတုန်းပဲ။ အဲ့ဒါကြောင့်မို့ပြောရမယ်ဆိုရင် နှိုင်းယှဉ်ချက်အရဆိုရင်တော့ အကြီးမားဆုံးအများအပြားဆုံး ဖြစ်နေတာကတော့ အထူးသဖြင့် တပ်မဟာ (၅) မူတြော်ခရိုင်ပေါ့။ အဲ့ဒီမှာတော့တိုက်ပွဲပေါင်း(၁၂၉)ကြိမ်ဖြစ်တယ်။ လူထုအရပ်သားသေဆုံးမှုက (၆)ယောက် ဒဏ်ရာရတာ(၁၃)ယောက်။ ရန်သူကနေ ဖမ်းသွားတာတော့ (၁၀) ယောက်ပေါ့။ ရွာတွေကိုလက်နက်ကြီးတွေပစ်တာကတော့ အဲ့ဒီမှာ လူထုဆီကိုလက်နက်ကြီးပစ်တာတော့ (၁၄၄) လုံးလို့မှတ်တမ်းရပါတယ်။ နောက်ပြီးတော့ လေယာဉ်နဲ့လာပစ်တာတော့ (၄) ကြိမ်ပေါ့နော်။ စက်တင်ဘာ လထဲမှာ အိုးအိမ်ဆုံးရှုံးမှုမီးလောင်တာအားလုံးပေါင်း (၁၅) လုံးနော်။ အဲ့ဒါပြီးခဲ့တဲ့ နောက်ဆုံးလ စက်တင် ဘာလပေါ့နော်။ ဒါပေမဲ့လို့ အခုကတော့ ဆက်ဖြစ်နေပါတာပဲ။ အခုအောက်တိုဘာလ လဝက်ထဲဝင်လာပြီ ဒါပေမဲ့တိုက်ပွဲကဆက်ဖြစ်နေတုန်းပါပဲ" လို့ KNU နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုက်ပွဲအခြေအနေ တွေနဲ့ပတ်သက်ပြီး ပဒိုစောတောနီးက ပြောပြထားတာဖြစ်ပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ရဲ့ ပြောကြားချက်အရ KNU တပ်မဟာ (၅) ဖာပွန်ခရိုင် တပ်မဟာ (၆) ဒူးပလာယာခရိုင် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်တွေမှာ တိုက်ပွဲတွေဆက်လက်ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေအပေါ် လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုတွေ ဆက် လက် လုပ်ဆောင်နေသလို တပ်မဟာ(၃)နယ်မြေထဲမှာ ဒေသခံပြည်သူလူထုအပေါ် စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ဆိုးရွားနေတယ်လို့ သိရပါတယ်။

"(၃) ဘက်ခြမ်းမှာ အခြေအနေတော်တော်ဆိုးဆိုးရွားရွား ရှိနေပါတယ်။ ပြည်သူတွေက လုံလုံခြုံခြုံနဲ့သွားလာလို့မရသလိုမျိုး သူတို့အသက် မွေးဝမ်းကြောင်း အခွင့်အလမ်းလည်းဆုံးရှုံးခဲ့ရတာပေါ့။ ပြည်သူတွေက ကြောက်ပြီးကြောက်နေရတယ်။ သူတို့ (စစ်ကောင်စီ) အဓိကလူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ မတရားဖမ်းဆီးမှု သတ်ဖြတ်မှုတွေ ပြည်သူတွေကို ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ ပြည်သူ ပိုင်ပစ္စည်းကိုပေါ့နော်။ လုယက်ခိုးယူမှုတွေဟာ သူတို့ဆက်လက် လုပ်ဆောင်နေတုန်းပေါ့" လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေကြောင့် ပြည်သူလူထု (၃၇၁၉၅၈) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေကြသူတွေထဲမှာ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ ကျောင်းသားကျောင်းသူတွေ အများအပြားပါဝင်ကာ ပြည်သူလူထုတွေအတွက် လူသားချင်း စာနာမှုအကူအညီတွေ အများအပြားလိုအပ်လျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...