ဇမိမြစ်ရေကြီးသဖြင့် မုဒုံ-ဘုရားသုံးဆူလမ်းတွင် ယာဉ်များပိတ်မိနေ

ဇမိမြစ်ရေကြီးသဖြင့် မုဒုံ-ဘုရားသုံးဆူလမ်းတွင် ယာဉ်များပိတ်မိနေ

ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဇမိမြစ်ရေသည် ဆက်တိုက်မြင့်တက်လာပြီး ရေစီးသန်နေသော ကြောင့် မုဒုံ - ဘုရားသုံးဆူ လမ်းပိုင်းတွင် မော်တော်ယာဉ်အစီးရေ ရာနှင့်ချီ၍ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ ပိတ်မိနေသည်။

ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ကာ ဇမိမြစ်ရေ စတင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ပုံမှန် ရေမှတ်ထက် ၂၃ ပေ ၃ လက်မအထိ ဆက်လက်မြင့်တက်လာကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံများက ပြော သည်။

လက်ရှိတွင် ဘုရားသုံးဆူ အတက်အဆင်းပြုလုပ်မည့် ယာဉ်များသည် ဓနုံးနှင့် ရေလဲကမ်းတို့တွင် ရာနှင့်ချီ၍ တန်းစီစောင့်ဆိုင်းနေရပြီး၊ ခရီးသည်တင်ယာဉ် ၅၀ ထက်မနည်း လမ်းခရီးမှ လှည့်ပြန်ခဲ့ရသည့် အခြေအနေများ ရှိခဲ့ကြောင်း မုဒုံ-ဘုရားသုံးဆူ လိုင်းဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းယာဉ်မောင်းက “လူကတော့ နှစ်ဆင့်ကားနဲ့ သွားနေတယ်။ ဟိုဘက်ကမ်းမှာ ကားထပ်စောင့် အဲ့လိုလုပ်နေရ တယ်။ လှေနဲ့ ဝေသာလီလမ်းပိုင်းကနေ ဟိုဘက်ကမ်းကားလမ်းပိုင်းအထိ ကူးနေရတယ်။ ဇမိမြစ်ကတော့ ရေတက်ချိန်ဆိုတော့ ရေပတ်ပတ်လည်လည်း ဝိုင်းနေပြီ၊ ကားနဲ့ ကူးလို့မလွယ်ဘူး” ဟု ပြောသည်။

လက်ရှိတွင် ခရီးသည်အများစုမှာ လမ်းခရီး၌သာ ညအိပ်ရပ်နားနေရပြီး ရာသီဥတုဆိုးရွားမှုကြောင့် အခက်အခဲ မျိုးစုံနှင့် ကြုံတွေ့နေရသည်။

မြစ်ရေမြင့်တက်မှုနှင့်အတူ မိုးရာသီလမ်းပျက်စီးမှုများကြောင့် နောင်ပရေ့နှင့် လှိုင်ကနီလမ်းပိုင်းတို့တွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို လှေများဖြင့် သယ်ယူပို့ဆောင်နေရကြောင်း ဝေသာလီဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “ကားတွေက ဘီးအမြင့်နဲ့ ကားတွေပဲ လာနေသေးတယ်။ လမ်းကလည်း ဆိုးနေတယ်။ ကုန်ကား တွေတော့ မလာကြတော့ဘူး။ အချို့ကတော့ စောင့်တယ်၊ သွားလို့ရမယ်ထင်ပြီးတော့။ ခရီးသွားတွေကတော့ ညအိပ်ရတဲ့အထိ ဖြစ်သွားနိုင်တာပေါ့နော်” ဟု ပြောသည်။

မုဒုံ - ဘုရားသုံးဆူ လမ်းပိုင်းသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် ရာနှင့်ချီ ဖြတ်သန်းသွားလာနေသည့် လမ်းပိုင်းဖြစ်သော်လည်း မိုးတွင်းကာလတွင် လမ်းများပျက်စီးကာ နှစ်စဉ် သွားလာ ရေး အခက်အခဲများနှင့် ကြုံတွေ့ရလေ့ရှိသည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်နေသည့် ယခုရက်ပိုင်းအတွင်း ခရီးသွားပြည်သူများအနေ ဖြင့် လမ်းပိုင်းအခြေအနေကို သေချာစွာ စုံစမ်းပြီးမှသာ သွားလာကြရန် ယာဉ်မောင်းများက တိုက်တွန်းထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇူလိုင်လ ၂၀ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ် ကို လည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကို လည်း ကောင်း အထူးသတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

July 16, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီးသို့ စစ်ကြောင်းထိုးလာသည့်...
July 16, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်...
July 15, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် တစ်ရက်တည်း၌ ဖမ်းဆီးခြင်းခံခဲ့ရသည့်...
July 14, 2026
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများတွင် နေထိုင်သည့် အရပ်သား...