ချင်းတောင်ထိုးစစ်အတွက် စစ်တပ်က အင်အား ၁,၀၀၀ ခန့် ထပ်မံဖြည့်တင်းနေ

ချင်းတောင်ထိုးစစ်အတွက် စစ်တပ်က အင်အား ၁,၀၀၀ ခန့် ထပ်မံဖြည့်တင်းနေ

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍ တပ်လန်ခဲ့ရပြီးနောက် စစ်ယာဉ်တန်း နှစ်ကြောင်းဖြင့် စစ်အင်အားရာချီ ထပ်မံဖြည့်တင်းလာနေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့က ပေါက်မြို့နယ် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) မှ မော်တော်ယာဉ် ၅ စီးဖြင့် ထွက်ခွာလာသော အင်အား ၄၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းသည် ပေါက်-ကျောက်ထု ကားလမ်းအတိုင်း ချင်းတောင်ပိုင်းသို့ ဦးတည်လာခဲ့ရာ လက်ရှိတွင် ဆောမြို့နယ်အတွင်းသို့ ရောက်ရှိနေပြီး ကျောက်ထုမြို့ အမြောက်တပ်ရင်း (၃၆၈) သို့ ဆက်လက်ဦးတည်နေသည်။

ဒေသခံတစ်ဦးက “ကပစ ၂၄ ကနေ ထွက်လာတဲ့ ကား ၅ စီးနဲ့ အင်အား ၄၀၀ ခန့် စစ်ကြောင်းကတော့ မနေ့က တပြင်းကျေးရွာမှာ ညအိပ်ရပ်နားတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ အကြည်ပန်းပလွန်းရွာကို ရောက်လာ ပါပြီ။ အဲ့ဒီကနေ ကျောက်ထုမြို့ဘက်ကို ဆက်လက်ဦးတည်တာပါ” ဟု ပြောသည်။

အလားတူ ကျောက်ထုအမြောက်တပ်မှ စစ်အင်အား တစ်ရာခန့်ရှိသော စစ်ကြောင်းသည်လည်း ပန်းဆန်ကျေးရွာ မှ တစ်ဆင့် သရက်ချဉ်ကျေးရွာဘက်သို့ အကြိုထောက်ရန် ဆက်လက်စစ်ကြောင်းထိုးလာနေသည်။

ဆောမြို့နယ်၊ တပြင်းကျေးရွာနှင့် ပုံတောင်နတ်ထိပ်ကြားတွင် အဆိုပါစစ်ကြောင်းနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ ဇူလိုင်လ ၁၂ ရက်နေ့က ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ သည်။

လက်ရှိတွင် ပေါက်ကပစ (၂၄) မှ စစ်ကြောင်းသည် ပေါက်မြို့နယ်နှင့် ယောဒေသ၊ ပုံတောင်နတ်ထိပ်အတွင်းရှိ ကျောက်တံခါး၊ ကျောက်မဲတောင်၊ ဆယ်မိုင်၊ ပလောင်းကျေးရွာတစ်လျှောက်ရှိ လမ်းပိုင်းများ၌ တပ်ဖြန့်ကာ လုံခြုံရေးယူထားသည်။

အလားတူ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှ စစ်ကြောင်းသည်လည်း မကွေးအနောက်ခြမ်း၊ မင်းဘူး-ဂန့်ဂေါ ခရိုင် ချင်းဆက်လမ်းမှတစ်ဆင့် စေတုတ္တရာ-လောင်းရှည် လမ်းအတိုင်း ချီတက်လာရာ ဇူလိုင်လ ၁၃ ရက်နေ့ တွင် စစ်အင်အားအချို့သည် လောင်းရှည် ကပစ (၂၅) သို့ ရောက်ရှိလာပြီ ဖြစ်သည်။

အဆိုပါစစ်ကြောင်းတွင် စစ်ယာဉ်တန်း အစီး ၃၀ ကျော် ပါရှိပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်အင်အား ၆၀၀ ဝန်းကျင် ရှိနိုင်ကာ ယင်းစစ်ကြောင်းသည်လည်း ဆောမြို့သို့ ဦးတည်နေသည်။

ချင်းတောင်သို့ စစ်အင်အားများ ဖြည့်တင်းပြီးပါက ထိုးစစ်ဆင်မှုများတွင် ယခင်စစ်မျက်နှာပြင်များ သာမက မင်းတပ်မြို့၏ အရှေ့မြောက်ဘက်ရှိ ဘောက်တဲကျေးရွာဘက်မှလည်း စစ်မျက်နှာ ထပ်မံဖြန့်ကျက်လျက် ပြန်လည်ထိုးစစ်ဆင်လာနိုင်ပြီး မင်းတပ်ဘက်တွင် စစ်မျက်နှာကျယ်ကျယ်ဖွင့်၍ ထိုးလာနိုင်ကြောင်း သုံးသပ်မှု များ ရှိနေသည်။

စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က “အဓိကက မင်းတပ်၊ ကန်ပက်လက် စစ်မျက်နှာကိုပဲ ဖြည့်တဲ့ အနေအထားပေါ့နော်။ အဲတော့ ထုံစံအတိုင်း အင်အားထပ်ဖြည့်တာပေါ့။ လူလှိုင်းနဲ့ သုံးလာတဲ့ အနေ အထားပါပဲ။ ဒါပေမယ့် အခု စုစုပေါင်းဆိုရင် အင်အား ဟိုဘက်က ၄၀၀ နဲ့ ဒီဘက်က ၆၀၀ ဝန်းကျင်တော့ မှန်း တာပေါ့နော်။ ရောက်လာမှပဲ သိရမှာပေါ့နော်။ ယာဉ်တန်းမှာက အလုံပိတ်ထားတာ ဆို‌တော့ ခဲယမ်းတွေ ရော လားမသိ။ ဒါပေမယ့် ခန့်မှန်းခြေ အင်အား ၁၀၀၀ ဝန်းကျင်လောက် ထပ်ထည့်တဲ့ အနေအထားမျိုးပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မေလလယ်မှစတင်၍ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ စစ်အင်အား ၂,၀၀၀ ဝန်းကျင်ခန့်ဖြင့် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) နှင့် မဟာမိတ်တပ်များက ပူးပေါင်းခုခံနေခြင်း ဖြစ်သည်။

တစ်လခွဲကျော် ကြာမြင့်လာပြီဖြစ်သော ချင်းတောင်ပိုင်းတိုက်ပွဲများတွင် တော်လှန်ရေးပူးပေါင်းတပ်များသည် ထိုးစစ်အသွင်ရှိသော ခံစစ်ပုံစံမျိုးဖြင့် တွန်းလှန်တိုက်ခိုက်လျက်ရှိရာ စစ်တပ်ဘက်မှ အင်အားရာချီ သေဆုံးပြီး၊ အင်အားရာချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်ထားသည်။

July 15, 2026
မလေးရှားနိုင်ငံတစ်ဝန်းရှိ အထောက်အထားမဲ့ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ရာ နာမည်ကြီးနေရာ ၁၈...
July 10, 2026
ချင်းပြည် တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်...
July 9, 2026
စစ်ရေးပဋိပက္ခကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်နှင့်...
July 8, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF - ဟားခါး) ၏ တပ်စခန်းတစ်ခုကို...