မြစ်ကြီးနားတွင် ကျောင်းနေအရွယ် ကလေးငယ်များ မူးယစ်ဆေးရောင်းချနေ

မြစ်ကြီးနားတွင် ကျောင်းနေအရွယ် ကလေးငယ်များ မူးယစ်ဆေးရောင်းချနေ

ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

လက်ရှိတွင် ရမ်ပူရပ်ကွက်၊ နယ်မြေ (၂၁) ရှိ လမ်းကြားတစ်ခု၌ မောင်နှမနှစ်ဦးဖြစ်သည့် အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၁၆ နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦးနှင့် အခြား အသက် ၁၆ နှစ်ဝန်းကျင် အရွယ် မိန်းကလေးတစ်ဦးတို့ မူးယစ်ဆေးဝါး 

ရောင်းချနေသည်ကို တွေ့ရှိနေရကြောင်း ဒေသခံများက ပြောသည်။

ကလေးငယ်များ ယခုကဲ့သို့ မူးယစ်ဆေးဝါး ရောင်းချနေသည့်အပေါ် မျက်မြင်တွေ့ရှိခဲ့သည့် မိဘတစ်ဦးက “ဟာ ဘယ်ဖြစ်သင့်မလဲ၊ ကျောင်းနေရမယ့်အရွယ်လေ။ ကြာရင် အဲဒီကလေးတွေပါ မူးယစ်ဆေး သုံးစွဲလာကြမှာ လေ။ တိုင်းပြည်အနာဂတ်က လူငယ်တွေလေ။ မြန်မာပြည်က လူငယ်တွေလည်း စစ်အာဏာရှင် လက်အောက် မှာ အနာဂတ်မဲ့နေကြပါပြီ” ဟု ပြောသည်။

ရပ်ကွက်နေ ပြည်သူများ၏ ပြောပြချက်အရ မူးယစ်ဆေးဝါး ရောင်းချနေသည့် ကလေးငယ်များကို ၎င်းတို့၏ မိဘကိုယ်တိုင် ရောင်းချခွင့်ပြုထားခြင်း ဖြစ်နိုင်ကြောင်း ယူဆနေကြသည်။

လက်ရှိတွင် လူကြီး၊ လူငယ်များသာမက အသက်မပြည့်သေးသည့် ကလေးငယ်များပါ မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားနေသည်ကို ရပ်ကွက်နေပြည်သူများ မြင်တွေ့နေရသော်လည်း၊ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ မရှိသေးသဖြင့် မတားဆီးနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနားမြို့ အပါအဝင် မြန်မာနိုင်ငံ၌ လက်ရှိတွင် ရွေးကောက်ခံအစိုးရ မရှိဘဲ စစ်အုပ်ချုပ်ရေးအောက် ရောက်ရှိနေသောကြောင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် စနစ် အားနည်းနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က သုံးသပ်သည်။

၎င်းက “ကျမတို့ မြန်မာနိုင်ငံက child right convention မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်ဖြစ်တယ်။ ကလေး အခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အမြင့်ဆုံးဥပဒေကို လက်မှတ်ထိုးထားပေမယ့်လည်း လိုက်နာတဲ့နေရာမှာ အများကြီး လစ်ဟာနေတာကို တွေ့ရတယ်။ အလုပ်သမားအခွင့်အရေး အောက်ဆုံး အဆင့်ကို ရောက်နေတာ ဖြစ်တယ်။ စောင့်ကြည့်အတည်ပြုဖို့ ခက်သလို၊ မြန်မာနိုင်ငံက အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှမရှိဘူးဆိုတဲ့ အခြေအနေကို ရောက်နေတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကလေးငယ်များပါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်လာသော်လည်း တာဝန်ရှိသူများဘက်က ထိရောက်သည့် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မတွေ့ရှိရသေးကြောင်း ဒေသခံ များက ပြောသည်။

ထို့ပြင် ရမ်ပူရပ်ကွက်အတွင်း ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းဝယ် နေသည်ကို တွေ့ရှိလာရသည်မှာ ၃ နှစ်ဝန်းကျင်ခန့် ရှိလာပြီဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ဆိုသည်။

ထို့ကြောင့် အဆိုပါ ကျောင်းနေအရွယ် ကလေးငယ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကူညီစောင့်ရှောက်ပေးရန်လည်း တောင်းဆိုလျက်ရှိသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...