လက်နက်ကြီးကြောင့် လွိုင်ကော်၊ကုန်းသာကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးပွဲချင်းပြီးဆုံး၊ နှစ်ဦး စိုးရိမ်ဒဏ်ရာရ

လက်နက်ကြီးကြောင့် လွိုင်ကော်၊ကုန်းသာကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးပွဲချင်းပြီးဆုံး၊ နှစ်ဦး စိုးရိမ်ဒဏ်ရာရ

ယမန်နေ့ညနေ (စက်တင်ဘာလ ၂၇ရက်) ၃နာရီခွဲအချိန် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်အတွင်းမှာရှိနေတဲ့ အသက် (၅၅) နှစ်အမျိုးသမီး တစ်ဦး ထိခိုက်သေဆုံးပြီး ၂ ဦး စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ လက်နက်ကြီးကတော့ တော်တော်ဆိုးဆိုးဝါးဝါးကို ဖြစ်သွားတာ သူ့အူတွေတောင် ထွက်ကျကုန်တာပေါ့နော်။ အဲ့လောက်ထိတောင် ဖြစ်သွားတာ။ သူကတော့ သူ့ယောင်္ကျားနဲ့သူနဲ့ပေါ့နော်။ နောက်တစ်ယောက်က အမျိုးသမီးကြီးတစ်ယောက်ပဲပေါ့နော်။ သူ့ယောင်္ကျားကတော့ အရေးပေါ်ကုသနေရတာပေါ့နော်။ နောက်တစ်ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ “ လို့ KNDF B-02 တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

လွိုင်ကော်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၂၅၀ တပ်နဲ့ ၄၂၂ တပ်တို့မှ ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီး ကုန်းသာ ကျေးရွာအတွင်း လက်နက်ကြီး ၁လုံး ၊ ဝါဆောင်ရွာ ဘုရားကျောင်းနား တစ်လုံး၊ ဝါရီတောင်ခြေ ၂ ထပ်အိမ်ပေါ် တစ်လုံး ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မနက်၁၀နာရီခွဲကနေ မွန်းလွဲ ၁ နာရီအထိ ကယန်းသာယာလမ်းခွဲက စစ်ကောင်စီတပ်စခန်းကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က စနိုက်ပါ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဖက်က ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စနိုက်ပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဖက် လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ကုန်းသာကျေးရွာအုပ်စု အနီးအနား ကျေးရွာတွေမှာဆိုရင် စစ်ရှောင်ပြီး ပြန်လာနေကြတဲ့ ဒေသခံ တချို့ ရှိနေတာဖြစ်ပါတယ်။

“ ကျနော်က အဲ့ဒါတော့ မပြောတတ်ဘူး တချို့က ပြန်လာဝင်နေတယ်။ တချို့က တောက်လျောက်ပဲ ရှောင်နေတယ်ပေါ့။ အဲ့လိုမျိုးပေါ့။ ကြာလာတော့ စစ်ပါးလာတဲ့ အချိန်မှာ ကြာလာတော့ ဒီရွာ စစ်ရှောင် မိဘပြည်သူတွေကလည်း ငွေရေးကြေးရေးအရခက်ခဲလာတယ်ပေါ့။ အိမ်ပြန်ပြီးတော့ စပါးစိုက်တဲ့ သူတွေလည်း ရှိမယ်။ တောင်ယာ ပြန်လုပ်တဲ့သူတွေလည်း ရှိလာတယ်ပေါ့။ “ လို့ KNDF B-02 က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအခြေစိုက်တပ်ရင်း တွေကနေပြီး နောက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် စစ်ကောင်စီအခြေစိုက် တပ်စခန်းတွေကနေပြီး လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်လျက် ရှိနေတာဖြစ်ပြီးထိခိုက်သေဆုံးတာတွေ နေအိမ်ပျက်စီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်း အရ ကရင်နီပြည်မှာဆိုရင် စက်တင်ဘာလ၁ရက်နေ့ကနေ ၂၇ရက်နေ့အထိ စစ်ဘေးဒဏ်တွေကြားမှာ သေဆုံးသွားရတဲ့ အရပ်သားပြည်သူ ၁၂ယောက် ရှိနေပြီဖြစ်ပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...