မိုးဗြဲမြို့ မွေတော်ဘုရားဘုန်းကြီးကျောင်းမှာ ၈ရက်ကြာ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေသေး

မိုးဗြဲမြို့ မွေတော်ဘုရားဘုန်းကြီးကျောင်းမှာ ၈ရက်ကြာ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေသေး

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ စက်တင်ဘာလ ၁၉ ရက်နေ့ကနေ  ၂၆ ရက်နေ့အထိ ပြည်သူတချို့ ပိတ်မိနေတာ ၈ ရက်မြောက် ရှိပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ အဖွဲ့ဆီကနေ သိရပါတယ်။

“မြို့တွင်းက မွေတော်ဘက်မှာတော့ အဲ့ဒီဘက်မှာတော့ ညီမတို့လည်း ဝင်လို့မရဘူး။ စစ်ကောင်စီကမြို့ထဲမှာ အကုန်လုံး ထိုင်ထားတယ်ဆိုတော့ ညီမတို့လည်း ဝင်လို့မရဘူး။ အဲ့ဒီဘက်အခြေအနေကတော့ ညီမတို့ မသိရဘူးပေါ့နော်။ သူတို့ (စစ်ကောင်စီ) ထိုင်ထားတဲ့ မြို့တွင်းက ဘုန်းကြီးကျောင်းတို့ အဲ့ဒီလို မြို့တွင်းက လူတွေက အခုအချိန်အထိ မြို့တွင်းမှာရှိနေကြသေးတယ်ပေါ့နော်။” လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှစ ၅ ရက်ဆက်တိုက် မိုးဗြဲမြို့ ကက်သလစ်ဘုရားကျောင်းအနီးတစ်ဝိုက်၊ ပွဲကုန်းရပ်ကွက် တွေမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ် ပြန်ဆုတ်ခဲ့ပေမယ့် တစ်ပတ်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး တစ်ကျော့ပြန် မိုးဗြဲမြို့ကို ထိုးစစ်ဆင်တပ်ပြန်စွဲထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်စွဲပြီးနောက် စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော်ဘုရားဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ ပြည်သူ ၁၀၀ ခန့် ပိတ်မိနေတယ်လို့ မိုးဗြဲ PDF က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပိတ်မိနေတဲ့ ပြည်သူတစ်ဝက် ပြန်လွှတ်ခဲ့ပေမယ့် တစ်ဝက်ကတော့ လက်ရှိအချိန်အထိ ပိတ်မိနေသေးတယ်လို့ သိရပါတယ်။

“ တိုက်ပွဲဖြစ်တာနဲ့မင်းတို့ကို သတ်မယ်ဆိုပြီးတော့မှ အဲ့လိုမျိုး ခြိမ်းခြောက်ထားတာတွေရှိတယ်လို့ အဲ့ဒီသတင်း အချက်အလက်တွေ သိရတယ်။ ဒါကတော့ သူတို့ရဲ့ ညှင်းပမ်းနှိပ်စက်မှုပေါ့နော် သူတို့ရဲ့အကြပ်ကိုင်မှုက အဲ့လိုမျိုးအမှန်တော့ စစ်ဖြစ်တာက လက်နက်ကိုင်တဲ့ လူနဲ့ပဲဆိုင်တယ်။ လူထုနဲ့တော့ ဘာမှမဆိုင်ဘူး။ ဒါကသူတို့ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုပဲ ပြောလို့လည်းရပါတယ်။ ဒါကအခုမှလုပ်တာမဟုတ်ဘူး။ နှစ်ပေါင်းအများကြီး သူတို့ဒီလိုမျိုး ကျင့်သုံးလာတာရှိတယ်။ အဲ့တော့ အခုလောလောဆယ်ကတော့ ကျန်တဲ့လူတွေ ဘယ်လိုဖြစ်နေလည်းအတိကျမသိရတော့ဘူး။ “ လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ် က စစ်ကောင်စီရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

လက်ရှိအချိန်အထိ မိုးဗြဲမြို့တွင်း တချို့နေရာတွေမှာ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ နေထိုင်တာရှိသလို စက်တော်ရာဘုရားတောင်ပေါ်နဲ့ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလာဝါရီတောင်ပေါ်မှာ တပ်စွဲထားတယ်လို့ မိုးဗြဲPDF ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးဗြဲမြို့တွင်းမှာ စစ်ကောင်စီတစ်ကျော့ပြန် စစ်ကြောင်းထိုးလာတဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီက တင့်ကား၊ လက်နက်ကြီးပစ်ကူအမြောက်အများသုံးပြီး တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

“ အခုအများဆုံးဖြစ်တာက မိုးဗြဲရဲ့ အနောက်ပဒေါင်သွားတဲ့ ဘက်ခြမ်းပေါ့နော်။ မိုးဗြဲရဲ့ လွိုင်ကော်သွားတဲ့ဘက်ခြမ်းကတော့ အခုလက်ရှိအခြေအနေအထိတော့ ဟိုးအစကတည်းက အခုထိ မဖြစ်သေးဘူးပေါ့နော်။ ” လို့ KNDF B-03 တာဝန်ရှိသူတစ်ဦး က စက်တင်ဘာလ ၂၅ရက်နေ့မှာ ဖြေကြားထားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း မိုးဗြဲမြို့တွင်းမှာ လက်နက်ကြီးပစ်ခတ်တာတွေရှိနေပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေမယ့် စစ်ရေးတင်းမာနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စတဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးတွေ ရှိနေပေမယ့် အတိအကျကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Most read this week

April 19, 2024
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ တောင်ဘက်မှာရှိနေတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဆန်းက...
April 18, 2024
ထိုင်း-ကရင်နီ နယ်စပ်ရှိ  စစ်ဘေးရှောင်စခန်းတစ်နေရာမှာ စစ်ဘေးရှောင်တွေအတွက်...
April 18, 2024
ကရင်နီမှာ တောရိုင်းတိရိစ္ဆာန်ကာကွယ်ပေးတဲ့ ဘေးမဲ့တော ထိန်းသိမ်းကာကွယ်ဖို့အတွက်...
April 18, 2024
ကရင်နီပြည်၊ ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့ဒေသခံတွေဟာ စစ်ဘေးရှောင်ကာလမှာ ၀င်ငွေမရှိတဲ့အပြင်...