စက်တင်ဘာလအတွင်း DMO-PDF ရဲဘော် ၄ ဦးကျဆုံး၊ စုစုပေါင်း ကျဆုံးသူ ၃၉ ဦးရှိနေပြီး အများစုမှာ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရ

စက်တင်ဘာလအတွင်း DMO-PDF ရဲဘော် ၄ ဦးကျဆုံး၊ စုစုပေါင်း ကျဆုံးသူ ၃၉ ဦးရှိနေပြီး အများစုမှာ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရ

စက်တင်ဘာလ ၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး ၄ ဦးထဲမှာ ရဲဘော် ၂ ဦးကတော့ မိုင်းနင်းမိပြီး ကျဆုံးခဲ့တယ်လို့ (DMO-PDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဒေသအတွင်း တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃၉ ဦးရှိပြီး အပြန်အလှန်ပစ်ခတ်မှု၊ လက်နက်ကြီးထိမှန်မှု၊ တာဝန်ထမ်းဆောင်ရင်း မိုင်းနင်းမိမှုတွေကြောင့် ကျဆုံးခဲ့ရတာဖြစ်ပြီး အများစုမှာ လက်နက်ကြီးထိမှန်မှုကြောင့် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲမေတစ်ဦးမှာလည်း စစ်ခွေးထောင်ထားတဲ့ တိုက်မိုင်းနဲ့ပဲ အသက်ပေးလိုက်ရတယ်ပေါ့။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကလည်း ကျနော်တို့ သူရဲကောင်းရဲဘော်တစ်ဦးကလည်း ခေါက်ပလောက် တိုက်ပွဲမှာ မိုင်းနင်းမိပြီး ကျသွားတယ်။ ကျနော်တို့ တိုက်ပွဲတွေထဲမှာမှ အပြန်အလှန်ပစ်ခတ်လို့ ကျသွားတဲ့ရဲဘော်တွေက အရမ်းကြီး မရှိဘူး။ ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ ၂၀ရာခိုင်နှုန်းလောက်တောင် မပြည့်ဘူးပေါ့နော်။ ကျန်တဲ့သူက ဒီလက်နက်ကြီးတွေ လေယာဉ်ပစ်တွေနဲ့ပဲ အသက်ပေးသွားရပါတယ်ခင်ဗျ။ “ လို့ (DMO-PDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(DMO-PDF) က ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို NUG ကနေပြီး ထောက်ပံ့ပေးတာရှိခဲ့ပေမယ့် လက်ရှိမှာတော့ အကုန်လုံး ထောက်ပံ့ပေးနိုင်တာ မရှိတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျသွားတဲ့ ရဲဘော်တွေအတွက်က လောလောဆယ်တော့ လက်နက်ခဲယမ်းရယ် စစ်မြေပြင် အခြေအနေအရ ကျနော်တို့ အာရုံစိုက်နေရတော့ ဒီရဲဘော်တွေကို ကျနော်တို့ ထောက်ပံ့နိုင်ခြင်းတော့အပြည့်အဝ ထိုက်သင့်သလောက် တောင်မှ ကျနော်တို့ မထောက်ပံ့ပေးနိုင်ပါဘူးခင်ဗျ။ “ လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာလအတွင်း (DMO-PDF) မှ ကျသွားတဲ့ ရဲဘော် ၄ ဦးထဲမှာ အမျိုးသမီးဆေးမှူး မဇယ်ရာမီးနာ နဲ့ ၁၁၀၇ တပ်ရင်း စစ်ကြောင်း ၁ စစ်ကြောင်းမှူး စောအယ်လ်ဘက် တို့ဟာ မိုင်းနင်းမိပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပြီး ရဲဘော် မောင်ဖရန်းမင်းအောင် နဲ့ ရဲဘော်အောင်သန်း ကတော့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း ၄၅၀ ကျော် ဖြစ်ပွားခဲ့ပြီး ကျဆုံးသွားခဲ့ရတဲ့ ပူးပေါင်းတပ်ဖွဲ့ဝင် ၁၅၀ ကျော်ရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်နီပြည်တွင်းမှာ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သလို လက်ရှိအချိန်အထိလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဒေသခံနှစ်သိန်းကျော်ဟာ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...