Mandalay People's Defence Force မှ တပ်ဖွဲ့ဝင်သစ်များခေါ်ယူနေ

Mandalay People's Defence Force မှ တပ်ဖွဲ့ဝင်သစ်များခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF) မှ စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်မည့်ရဲဘော်သစ်များကို ခေါ်ယူလျှက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် ဖွဲ့စည်းထားသည့် MDY PDF သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်အခြေစိုက်ပြီး မန္တလေးတိုင်းနှင့် ရှမ်းမြောက်အစပ်၊ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲဖော်ဆောင်လျှက်ရှိကြောင်း သိရသည်။

၎င်းတို့အနေဖြင့် တော်လှန်ရေးကာလ မပြီးမချင်း တပ်ဖွဲ့ဝင်သစ်များ တောက်လျှောက် ခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း သတင်းစကားပါးသည်။

“ ကျွန်တော်တို့ MDY PDF က အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှုစနစ်အားကောင်းရေးနဲ့ စစ်စည်းကမ်းကောင်းမွန်ရေး ဒီနှစ်ခုကို အဓိကချည်းကပ်တာဖြစ်တယ်။ ကျွန်တော်တို့က တော်လှန်ရေးအလွန်ကာလမှာ ဖက်ဒရယ်အာမီနာမည်နဲ့ဖြစ်စေ တစ်ခြားနာမည်နဲ့ဖြစ်စေ ပေါ်ပေါက်လာမယ့် တပ်မတော်ရဲ့အစိတ်အပိုင်းအဖြစ်မျှော်ကိုးပြီး တည်ဆောက်နေတာဖြစ်တဲ့အတွက် စနစ်တကျစုဖွဲ့မှုမှာ ပါဝင်ချင်တဲ့ရဲဘော်တွေကို ကျွန်တော်တို့နဲ့လက်တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူ အော်စမွန်က ပြောသည်။

တပ်သားသစ်များအနေဖြင့် အခြေခံစစ်သင်တန်းကို အပတ်စဉ်တစ်ခုအတွက် ရက်ပေါင်း ၄၅ ရက်မှ ၉၀ ရက်ကြား ကြာမြင့်အောင် လေ့ကျင့်သင်ကြားရမည်ဖြစ်ပြီး ယင်းနောက် တပ်တော်မှပေးအပ်လာသည့်တာဝန်ကို ကျေပွန်အောင် ဆက်လက် ထမ်းဆောင်ရမည် ဖြစ်ကြောင်းလည်း MDY PDF ဘက်က အသိပေးသည်။

တပ်ဖွဲ့ဝင်ဖြစ်ရန်အတွက် အသက် ၁၈ နှစ်မှ ၄၀ ကြားဖြစ်ရန်လိုအပ်ပြီး ကျန်းမာရေးကောင်းမွန်ကာ တော်လှန်ရေးပြီးဆုံးသည်အထိ အတူလက်တွဲတိုက်ပွဲဝင်နိုင်သူ ဖြစ်ရန်လိုကြောင်းနှင့် ချမှတ်ထားသည့်စည်းကမ်းများကို လိုက်နာရန်လိုကြောင်းဆိုသည်။

“ ကျွန်တော်တို့ MDY PDF ကိုပူးပေါင်းလာတဲ့ ရဲဘော်သစ်တွေအနေနဲ့ သင်တန်းပြီးတဲ့အခါမှာတော့ လိုအပ်တဲ့စစ်ဝတ်တန်ဆာနဲ့ လက်နက်ခဲယမ်းတွေကို ဆင်မြန်းပေးမှာဖြစ်ပါတယ် ” ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူ အော်စမွန်က ဆက်လက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF) သည် သပိတ်အင်အားစုဝင်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် အစုအဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနစ် မတ်လဆန်းတွင် “Mandalay Special Task Force” ဟူသည့် မြို့ပြပြောက်ကျားအင်အားစုအဖြစ် ကနဦးဖွဲ့စည်းခဲ့သေးသည်။

ယင်းနောက် ၂၀၂၁ ခုနစ် ဇူလိုင်လတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF) ဟူ၍ တည်ထောင်ကာ တော်လှန်ရေးလုပ်ငန်းစဥ်များ ဆက်လက်လုပ်ဆောင်နေခြင်းဟု သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...