ရေစကြိုနှင့် ကံမမြို့ရှိ ဗိုလ်ချုပ်ရုပ်ထုများကို စစ်အုပ်စု ထပ်မံဖြိုချ

ရေစကြိုနှင့် ကံမမြို့ရှိ ဗိုလ်ချုပ်ရုပ်ထုများကို စစ်အုပ်စု ထပ်မံဖြိုချ
ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်။ (MOI)
ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်။ (MOI)

မကွေးတိုင်း၊ ရေစကြိုမြို့နှင့် ကံမမြို့တို့ရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကြေးရုပ်ထုများကို စစ်အုပ်စုက ဖြိုချဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြိုချခံလိုက်ရသည့် ရေစကြိုမြို့၊ ရုံးပေါင်းစုံဝင်းအတွင်းရှိ ဗိုလ်ချုပ်ရုပ်ထုသည် ပြည်သူများ၏ လှူဒါန်းငွေဖြင့် စိုက်ထူတည်ဆောက်ထားခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစကြို) ၏ သတင်းတာဝန်ခံက “၅ ရက်နေ့ ည ၁၂ နာရီလောက်က ဒီကောင်တွေ (စစ်အုပ်စု) စပြီး ဖြိုချတာပေါ့။ အဓိကကတော့ အာဇာနည်နေ့ နီးလို့ရယ်လား မသိဘူး။ ဒီနေ့မနက်ကတော့ ရုံးပေါင်းစုံရှေ့ အသွားအလာတွေ ပိတ်ထားတယ်။ ဗိုလ်ချုပ်ရုပ်ထုကိုတော့ ဒီနေ့ ဖြုတ်ပြီးသွားပြီ။ ဖြုတ်ပြီး တော့ မိုးကာနဲ့တောင် အုပ်ထားတယ် ရုံးထဲမှာ” ဟု ပြောသည်။

ကံမမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ထုကိုလည်း ဇူလိုင်လ ၅ ရက် ည ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်အုပ်စု လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ ဖြိုချဖျက်ဆီးသွားကြောင်း ဒေသခံများက ဆိုသည်။

ကံမမြို့ ဘောလုံးကွင်းဘေးရှိ ထိုကြေးရုပ်ထုကို NLD အစိုးရလက်ထက်က ဒေသခံပြည်သူများ စုပေါင်း၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဗေဒင်တွေ ယတြာတွေ ယုံတဲ့သူဆိုတော့ ယတြာချေတာလားလည်း မသိဘူး။ တောက် လျှောက် ရုပ်ထုတွေ ဖြိုနေတာဆိုတော့ ထူးတော့ ထူးနေတယ်။ နိုင်ငံရေးအရ တခုခု သဘောထားရှိလို့ ဖြုတ် တာလား၊ ယတြာလားတော့ မသိဘူး။ ဒီလိုလုပ်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းက မှေးမှိန်ပျောက်ကွယ် မသွားပါဘူး” ဟု ပြောသည်။

ကံမမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ထုသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြို့သို့ ရောက်ရှိလာပြီး၊ ထိုလ ၁၃ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲသို့ မကွေးတိုင်း ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအများအပြား တက်ရောက်ခဲ့ကြသည်။

လက်ရှိ ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်အုပ်စုသည် ဗိုလ်ချုပ်ကြေးရုပ်ထုများကို နိုင်ငံတစ်ဝန်း လိုက်လံဖြိုချ ဖျက်ဆီးလျက်ရှိရာ နေပြည်တော် ပုဗ္ဗသီရိ၊ ပဲခူး၊ ပုသိမ်၊ သာစည်၊ ရေဦး၊ သာကေတ၊ တောင်ဥက္ကလာပ၊ ကော့မှူး၊ တောင်ငူနှင့် ကျုံပျော်မြို့များရှိ ဗိုလ်ချုပ်ရုပ်ထုများလည်း ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူများက ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ပုံရိပ်ကို စစ်အုပ်စု က တမင်တကာ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ထောက်ပြပြောဆိုထားကြသည်။

Most read this week

ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...
August 17, 2026
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများရှိ မြေရှားသတ္တုတူးဖော်မှုကို စည်းမျဉ်းချမှတ်...
August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...