မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက် ရှိသောကြောင့် ကျေးရွာ ၂၀ ကျော်မှ ဒေသခံပြည်သူ ဦးရေ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း မင်းဘူး (စကု) မြို့နယ် သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကစတင်ကာ အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်တပ် စစ်ကြောင်းတစ်ကြောင်း သည် မန်းချောင်းအရှေ့ဘက်ရှိ ပေါင်းကျေးရွာသို့ ရောက်ရှိလာခဲ့သည်။
ယခုလဆန်းပိုင်းတွင်လည်း ရွှေစက်တော်ဘက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် ပွင့်ဖြူ-စကုနယ်စပ်ရှိ ဝါစိုက် ပျိုးရေးတပ် (ဝါတပ်) မှ စစ်ကြောင်းတစ်ကြောင်းတို့သည် မန်းချောင်းအနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။
အဆိုပါ ဝါတပ်မှာ ပုံမှန်အချိန်တွင် စစ်တပ်၏ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့် တပ်စခန်းဖြစ်သော်လည်း လက်ရှိတွင် စစ်ကြောင်းထုတ်ရာ အခြေစိုက်စခန်းအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းများကြောင့် မန်းချောင်းအနောက်ဘက်တစ်ကြောရှိ မဲချောင်၊ ခွန်သာ၊ ညောင် ကိုင်း၊ မြောင်းဦး၊ ကုတင်ကုန်း၊ ဖြူကုန်း၊ ညောင်ကုန်းလေး၊ ကြီးကန်၊ ကူရွာ၊ စည်သာ၊ မြောင်းကြား၊ မုတ်ခဲ၊ ချင်းကုန်း၊ ပန်းလွှား၊ တောကျောင်းကုန်း၊ ခံကုန်း၊ ဘုမ္မနိုး၊ ပေါင်းရွာလေး၊ ကြောင်းပန်းကုန်းနှင့် မကျီးချောင်း စသည့် ကျေးရွာများမှ ပြည်သူများနှင့် မန်းချောင်းအရှေ့ဘက်ခြမ်းရှိ ကသက်နှင့် ပေါင်းရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ထုတ် စစ်တပ်ထိန်းချုပ် သတင်းစာတွင် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဇူလိုင်လ ၁၂ ရက်နေ့က မင်းဘူးမြို့၌ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ဖော်ပြခဲ့ပြီး၊ ၎င်း၏ ခရီးစဉ်ကြောင့် မင်းဘူးနှင့် စကုမြို့များ၏ မိုင် ၂၀ ပတ်လည်အတွင်းကို စစ်တပ်က စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုအချို့လည်း ရှိနေသည်။
လက်ရှိတွင် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများသည် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အပြင် မိုးရာသီ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။
၎င်းသတင်းရင်းမြစ်က “မိုးရာသီဖြစ်တော့ ပြည်သူတွေက စစ်ရှောင်ရတာ အခက်အခဲတွေတော့ ရှိတာပေါ့။ ဒီ့ထက်ပိုဆိုးတာကတော့ ကျနော်တို့ မင်းကု (စကု) နယ်အနောက်ဘက် မန်းချောင်းပေါ့နော်။ မန်းချောင်း အနောက်ဘက်ခြမ်းမှာတော့ ပြည်သူတွေက နှမ်းအဓိက စိုက်ပျိုးကြတာပေါ့နော်။ နှမ်းတွေစိုက်ပြီးတော့ နှမ်းရိတ်သိမ်းရတော့မယ့်အချိန်မှာ ဒီလိုစစ်ကြောင်းထိုးတဲ့အတွက် ပြည်သူတွေ နှမ်းတွေ မရိတ်နိုင်ဘူးပေါ့နော်” ဟု ပြောသည်။
အဆိုပါ စစ်တပ် စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းက မြောင်းဦးရွာမှ ပြည်သူ သုံးဦးခန့် နှင့် ကုတင်ကုန်းကျေးရွာမှ ပြည်သူ ငါးဦးခန့်ကို ဖမ်းဆီးသွားခဲ့ပြီး၊ ထိုအထဲတွင် သတ်ဖြတ်ခံရသူအချို့ ရှိကြောင်း ဒေသခံများအကြား ပြောဆိုမှုများရှိသော်လည်း ယင်းအပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မင်းဘူး (စကု) မြို့နယ်အတွင်းရှိ မြေပြင်အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် မင်းဘူး-စကု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့လည်း ဆက်သွယ်ထားဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က မင်းဘူး (စကု) ဥယျာဉ်တံတားထိပ်တွင်ရှိသည့် စစ်တပ်၏ ဂိတ်စခန်းကို မင်းဘူး (စကု) မြို့နယ် ပကဖနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး စခန်းကို အပြီးသတ် မီးရှို့ဖျက်ဆီး နိုင်ခဲ့ကြောင်း မင်းဘူး-စကု ပကဖက ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း စစ်တပ်သည် မဲချောင်ကျေးရွာသို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူတစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ် တစ်ဦး က ပြောဆိုသည်။
သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။







