ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စုပူးပေါင်းတပ်က လူငယ်များကို လိုက်လံဖမ်းဆီးနေ

ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စုပူးပေါင်းတပ်က လူငယ်များကို လိုက်လံဖမ်းဆီးနေ
Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ အဖမ်းအဆီး ကြမ်းနေသဖြင့် ဒေသခံလူငယ်များ သွားလာရေး အခက်အခဲဖြစ်နေကြသည်။

ဟုမ္မလင်းမြို့ပေါ်တွင် ယခုနှစ် မေလနောက်ပိုင်းမှစတင်ကာ စစ်တပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ပျူစောထီး ပြည်သူ့စစ်များနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းပြီး၊ မြို့ပေါ်ရပ်ကွက်များ ၌ တပ်ဆင်ထားသည့် CCTV မှတစ်ဆင့် စောင့်ကြည့်ကာ လူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အသက် ၅၀ ကျော်အရွယ် အဆိုပါ ဟုမ္မလင်းမြို့ခံ အမျိုးသမီးက “သူတို့က CCTV ကနေကြည့်ပြီး လိုက်ဖမ်း တာရှင့်။ လူငယ်တွေစုစုရုံးရုံးရှိတဲ့နေရာ၊ လူငယ်တွေသွားသွားလာလာတွေ့တဲ့နေရာ တွေ့တာနဲ့ သူတို့ အချုပ် ကားတွေနဲ့တန်းရောက်လာပြီး လာဖမ်းတာ။ တစ်ခါတလေ နေ့ခင်းဆိုလည်း လှည့်ပတ်ပြီး ဖမ်းတာ လူငယ်တွေ အပြင်တောင်ထွက်လို့မရဘူး။ မိန်းကလေး၊ ယောက်ျားလေး လူငယ်ဆိုရင် အကုန်ဖမ်းတယ်” ဟု ပြောသည်။

စစ်အုပ် ပူးပေါင်းတပ်ဖွဲ့များသည် ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များ အတွင်း နံနက် ၉ နာရီမှ မွန်းလွှဲ ၃ နာရီအထိ တစ်ကြိမ်၊ ညနေ ၆ နာရီမှ ည ၁၀ နာရီခွဲအထိ တစ်ကြိမ် အချိန်ခွဲ၍ လှည့်ကင်းလှည့်လည်ကာ ဖမ်းဆီးနေခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးမှုများကြောင့် ပြီးခဲ့သည့်တစ်ပတ်အတွင်း ဟုမ္မလင်းမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူငယ် အယောက် ၂၀ ကျော် ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၅ ဦးမှာ ငွေကြေး အမြောက်အမြားပေးကာ ပြန်လည်ရွေးထုတ်ခဲ့ရ ကြောင်း ဒေသခံများက ပြောသည်။

အခြားဒေသခံ အမျိုးသားတစ်ဦးကလည်း “တစ်ပတ်ထဲ တင် လူငယ် ၂၀ ကျော် ပါသွားတယ်။ တစ်ယောက်ကို တော့ ကျပ်သိန်းခုနစ်ရာနဲ့ ရွေးရတယ်။ နောက်ထပ် လေးယောက်ကိုတော့ တစ်ယောက်ကို ကျပ်သိန်းတစ်ရာစီနဲ့ ပြန်ရွေးခဲ့ရတယ်” ဟု ပြောသည်။

စစ်တပ်ဘက်က ပေါ်တာဆွဲ (စစ်သားစုဆောင်း) ရာတွင် ကျား၊ မ မရွေး အသက် ၁၅ နှစ်မှ ၃၀ ဝန်းကျင်အထိ လူငယ်များကို အဓိက ပစ်မှတ်ထား ဖမ်းဆီးနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပေါ်တာလိုက်လံဆွဲနေမှုကြောင့် နေ့စဉ် အလုပ်အကိုင် ထွက်လုပ်နေရသည့် လူငယ်များနှင့် ပုဂ္ဂလိက ဝန်ထမ်းများ နေ့စဉ် သွားရေးလာရေး ခက်ခဲနေကြသည်။

ဟုမ္မလင်းမြို့နယ်အတွင်း မြို့ပေါ်လူငယ်များမှာ ပေါ်တာဆွဲသည့်ဒဏ်ကို ရင်ဆိုင်နေရသလို၊ ကျေးရွာဘက်ရှိ လူငယ်များမှာလည်း SNA တပ်က တစ်အိမ်လျှင် တစ်ယောက် တပ်ထဲမဝင်မနေရ အမိန့်ထုတ်ပြန်ထားသဖြင့် ဘေးကျပ်နံကျပ် ဖြစ်နေကြသည်။

လက်ရှိတွင် ဟုမ္မလင်းမြို့နယ်အတွင်း ဟုမ္မလင်း PDF တပ်ပေါင်းစုများ ထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့ ဘက်သို့ စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...