မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က ကင်းပုန်းဝပ်၍ လှုပ်ရှားသွားလာနေပြီး၊ ယခုရက်ပိုင်းအတွင်း လမ်းသွားလမ်းလာ ဒေသခံများကို လိုက်လံပစ်ခတ် မှုများ လုပ်နေကြောင်း ဒေသခံများက ပြောသည်။
ကင်းပုန်းဝပ်လှုပ်ရှားနေသည့် အဆိုပါ စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းကို ညနေ ၆ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက ဥယျာဉ်ခြံမှ ပြန်လာသည့် အသက် ၃၀ အရွယ် ထီးခလဲရွာသား ကရင် လူငယ်အမျိုးသားတစ်ဦးကို ကင်းပုန်းဝပ်နေသည့် စစ်တပ်က တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိဘဲ ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း လမ်းပိုင်းအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
လမ်းပိုင်းနေ ဒေသခံတစ်ဦးက “အဲဒီနေ့က တညင်နဲ့ ရက်ဖောကြား ထီးခလဲရွာသား ပစ်သတ်ခံလိုက်ရတယ်။ ဒီဘက်မှာတော့ ညနေ ၆ နာရီ ကျော်တာနဲ့ သွားလာလို့ မရဘူးလေ။ အဲဒါကြောင့် သူက ခြံကနေ ပြန်လာတာက ည ၈ နာရီနောက်ပိုင်း ဖြစ်မယ်။ ဟိုကတွေ့လို့ ပစ်လိုက်တာ” ဟု ပြောသည်။
သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် ပုံမှန်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားခြင်း မရှိသော်လည်း၊ ကင်းပုန်းဝပ် တပ်သားများက ဒေသခံများကို ရှောင်တခင် စစ်ဆေးခြင်းနှင့် ညနေပိုင်းအချိန်များတွင် အနီးအနားရှိ ကျေးရွာများထဲသို့ ကင်းလှည့်ဝင်ရောက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ်ကလည်း အဆိုပါလမ်းပိုင်း၌ စစ်တပ်လက်အောက်ခံ တပ်သားများ၏ ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

အဆိုပါ သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတွင် စခန်းကြီး၊ ဇီးနှစ်ပင်၊ လွတ်ရှမ်း၊ တညင်၊ ရက်ဖော၊ ဖာယာ၊ ဝင်းခန၊ ပုတော၊ အနန်းကွင်း အပါအဝင် ကျေးရွာကြီးငယ်များ ရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်များလည်း စစ်ရေးလှုပ်ရှားလျက်ရှိသည်။
ထို့ကြောင့် စစ်တပ်သည် သံဖြူဇရပ်မြို့နယ်မှ အနန်းကွင်းဗျူဟာကုန်း စခန်းသို့ စစ်အင်အားဖြည့်တင်းရန် အခက်အခဲဖြစ်နေပြီး၊ လူအင်အား အပြောင်းအလဲ လုပ်ရန် ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းများလည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံနေရသည်။
စစ်တပ်က လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေပြီး တော်လှန်ရေးပူးပေါင်းတပ်များ ရှိနိုင်သည် ဟု ယူဆရသည့် ကျေးရွာများကို အနန်းကွင်းဗျူဟာစခန်းမှ နေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဖြတ်သန်းသွားလာသူ အရပ်သားများကို ယခုကဲ့သို့ ပစ်ခတ်ခြင်းသည် ခွဲခြားမှုမရှိဘဲ ရမ်းသန်းပစ်ခတ်မှုဖြစ်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်ဥပဒေအရ အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်သည်။







