မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ

မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ရေကုန်ရေခမ်း ကျားကုတ်ကျားခဲနဲ့ ကြိုးစားနေပြီး ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပေမယ့် မရပ်မနား ထိုးစစ်ဆင်နေတယ်လို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က နေရာတွေကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်လပိုင်းကစပြီး စစ်အင်အားအများအပြား၊ စစ်လက်နက်မျိုးစုံတွေအပြင် လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အသုံးပြုပြီး နှစ်လကျော်ကြာတဲ့အထိ အပြင်းအထန်ထိုးစစ်ဆင်နွဲခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ နှစ်လကျော်ကြာလာတဲ့အထိ နယ်မြေတွေအားလုံးကို မထိန်းချုပ် မစိုးမိုးထားနိုင်သေးဘဲ အထိအခိုက်ကျဆုံးမှု အမျာအးပြားရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတချို့လည်း ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ရောက်လာတာတွေ ရှိနေတာပါ။

ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်ကောင်စီတပ်က အခုလို မရပ်မနား ထိုးစစ်ဆင်နေတာဟာ ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ကို သူတို့ လက်လွှတ်ရမှာ စိုးရိမ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

"သူ့ (စစ်ကောင်စီ) အတွက်လည်း သေရေးရှင်ရေးတမျှအရေးကြီးတယ်ဆိုတာလည်း ကျွန်တော်တို့လည်းမှန်းဆလို့ရပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြ၀တီက လုံး၀ကို သူ့လက်အောက်က ထိန်းကြောင်းမှုလွတ်သွားပြီဆိုရင် သူ့အတွက်ကလည်း တော်တော် စိုးရိမ်စရာရှိပါတယ်လို့ ကျွန်တော်တို့က သုံးသပ်မိတာပေ့ါလေ။ အဲ့ဒီအပိုင်းမှာတော့ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘက်တောင်ပိုင်း အထူးသဖြင့်အရှေ့တောင်ပိုင်းမှာကျတော့ ကေအဲန်ယူရဲ့အမာခံ နယ်မြေတွေကလည်း ဖြစ်တာနဲ့အညီ နောက် တပ်မဟာ (၅) တပ်မဟာ (၆) မှာဖြစ်နေတဲ့ ကျွန်တော်တို့ အနေအထားတွေကလည်း ပိုပြီးတော့ပြင်းထန်သထက်ပြင်းထန်လာတဲ့အပြင် ဒီဟာတွေကို သူကတော့ ဘယ်လောက်ပဲအကုန်အကျခံ အသေအပျောက်ခံပြီးတော့လုပ်တယ်ဆိုတော့ ဘာမှ ထိန်းချုပ်နိုင်မှု မရတဲ့အနေအထားမှာရှိနေတဲ့အခါမှာ တော်တော်လေး စိုးရိမ်မှုတော့ကြီးနေတယ်လို့တော့ ကျွန်တော်သုံးသပ်မိတယ်။ တခြားတော့ပြောစရာတွေက အများကြီးပေ့ါလေ။ မဟာဗျူဟာအရ အရေးကြီးတဲ့အပိုင်းက ဘယ်လောက်အထိဘယ်လို ပထဝီ အနေအထားကရော ဒီပထဝီနိုင်ငံရေးအရ ဘယ်လောက်အရေးပါ ဒါကျွန်တော်မပြောတော့ဘူး။ ဒါတွေကလည်း ဆက်ပြီးတော့ စဉ်းစားလိုက်မယ်အရှည်ကြီးဖြစ်သွားမှာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ကြည့်နေတာကတော့ သူဒီလောက်တောင်ဖြစ်နေပြီဆိုတော့ တော်တော်လေး စိုးရိမ်စိတ်တော့ကြီးနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေတယ်။ လေကြောင်းကိုလည်းအသုံးပြုတယ်။ လေကြောင်းတောင်မှ အသုံးပြုတာ ရိုးရိုးတစ်စင်းနှစ်စင်း အသုံးပြုတာမဟုတ်တော့ဘူး။ အခုက သုံးလေးစင်းပူးပြီးတော့ သွားနေတယ်။ ပူးတွဲစစ်ဆင်ရေးတွေ ကြည်းကြောင်းလေကြောင်းနဲ့နော်။ ဒီလောက်ထိလုပ်နေစရာလိုလား ကျွန်တော်တို့ဘက်ကပြန်စဉ်းစားတာ။ ဒါပေမဲ့ သူ့အတွက်က လိုနေတယ်ဆိုတာ သူဟာ တော့်တော့်ကိုစိုးရိမ်စရာကောင်းတယ်။ သူ့အတွက်က တော်တော်လေးကို အန္တရာယ်ကြီးတယ်လို့ပဲ သူ့ဘာသာသူမြင်ပြီးတော့ ဒီလိုပဲလုပ်တာလို့ပဲ ကျွန်တော်တို့နားလည်ရတာပေါ့" ပဒိုစောတောနီးက သုံးသပ်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်နိုင်ဖို့အတွက် တပ်မ (၁၁)၊ တပ်မ (၂၂)၊ တပ်မ (၄၄) တို့ရဲ့ လက်အောက်ခံ တပ်ရင်း (၁၇) ရင်း အပါအဝင် နယ်ခြားစောင့်တပ် BGF တပ်ရင်း (၁) ရင်း စုစုပေါင်း တပ်ရင်း (၁၈) ရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကလည်း ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားတဲ့ မြဝတီ-ဝေါ်လေလမ်းပိုင်း ဘလက်တိုကျေးရွာအနီးကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ကော်ဘရာစစ်သည်တော် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စက်တင်ဘာ ၉ ရက်နေ့ကလည်း မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ ထိုးစစ်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်နဲ့ရိက္ခာတွေ လာပို့တဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) က ဗိုလ်ကြီး ရဲရင့်မောင်ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆) ဦးကို ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

၂ လကျော်ကြာ ဖြစ်ပွားနေတဲ့ မြဝတီ-ဝေါ်လေလမ်းပိုင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၄၈ ဦး သေဆုံးထားပြီး ဒဏ်ရာရရှိသူ ၈၀ ကျော်ထိ ရှိလာတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

Most read this week

December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...