မြေအောက်ဆေးရုံ ၁၀ ရုံ တည်ဆောက်ပြီးစီးဟု NUG ကျန်းမာရေးဝန်ကြီး ပြော

မြေအောက်ဆေးရုံ ၁၀ ရုံ တည်ဆောက်ပြီးစီးဟု NUG ကျန်းမာရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀ ရုံ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံက မဇ္ဈိမနှင့် ပြုလုပ်သော သီးသန့်အင်တာဗျူးတွင် ပြောသည်။

အဆိုပါ မြေအောက်ဆေးရုံများကို ဒေါက်တာဇော်ဝေစိုး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူစဉ် ၂၀၂၄ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ ထည့်ဝင်လှူဒါန်း ငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံက “အခုအချိန်အထိ မြန်မာနိုင်ငံ တဝန်းလုံးမှာ ဆိုလို့ရှိရင်တော့ စုစု ပေါင်း မြေအောက်ဆေးရုံ ၁၀ ရုံအထိ ဆောက်လုပ်ပြီးစီးပြီ ဖြစ်ပါတယ်။ တချို့ဆေးရုံတွေကတော့ စတင် လည် ပတ်ဆောင်ရွက်နေပြီးတော့ တချို့ဆေးရုံတွေကတော့ လက်စသတ်နေတာတွေရယ်၊ ဆေးရုံသုံးပစ္စည်း တွေ ဖြည့် တင်းနေတဲ့ ကိစ္စတွေ ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ပြောသည်။

ယခင် ၂၀၂၅ ခုနှစ် ဇွန်လက NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထိန်းချုပ်နယ်မြေများ တွင် ဗုံးဒဏ်ခံ မြေအောက်ဆေးရုံ ရှစ်ရုံအထိ ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး နှစ်ရုံကို စတင်ဆောက်လုပ်နေ ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးရာမှ လက်ရှိတွင် ဆောက်လုပ်ပြီးစီးမှုမှာ ၁၀ ရုံအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် စာသင်ကျောင်းများသာမက ဆေးရုံနှင့် ဆေးခန်းများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက် ခိုက်နေသဖြင့် လုံခြုံစိတ်ချရသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ယခုကဲ့သို့ မြေအောက်ဆေးရုံ များကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း NUG ဘက်က ရှင်းလင်းထားသည်။

ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြစ်မဲ့အရပ်သား ၈၈ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင်လ ၅ ရက်စွဲပါ မှတ်တမ်းများတွင် ဖော်ပြထားသည်။

AAPP ၏ ထုတ်ပြန်ချက်အရ ဇွန်လအတွင်း စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသည့် အရပ်သား စုစုပေါင်း ၆၇ ဦး (အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသား ၃၉ ဦး) ကို အတည်ပြုနိုင်ခဲ့ပြီး ယင်းတို့အနက် ၁၈ နှစ်အောက် ကလေးငယ် ကိုးဦး ပါဝင်သည်။

အတည်ပြုပြီးသူများအနက် ၄၆ ဦးမှာ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ကျန်ရှိသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၈ ဦး၏ စာရင်းကိုမူ သီးခြားကောက်ယူ၍ အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...