KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းမပေးရင် ကျေးရွာတွေထဲ လက်နက်ကြီး ပစ်မယ်လို့ BGF တပ် ခြိမ်းခြောက်

KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းမပေးရင် ကျေးရွာတွေထဲ လက်နက်ကြီး ပစ်မယ်လို့ BGF တပ် ခြိမ်းခြောက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ သတင်းမပေးရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီ လက်အောက်ခံ BGF တပ်က ခြိမ်းခြောက်လာတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ် ပြောပါတယ်။

ဘားအံမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၁၀၁၄) BGF တပ်ရင်းက KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ လာရင် ကျေးရွာတွေက လက်မခံဖို့နဲ့ ဝင်ရောက်လာပါက သတင်းပေးဖို့၊ သတင်းမပေးပါက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

"အခုလို ဒေသခံတွေအပေါ် အနိုင်ကျင့်တဲ့လုပ်ရပ် လုပ်နေတာကတော့ သူတို့အနေနဲ့မလုပ်သင့်ဘူး။ သူတို့ဘက်က ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် စစ်ရေးအခြေအနေတင်းမာပြီး တိုက်ပွဲတွေ ဆက်ဖြစ်လာဖို့ပဲရှိမယ်။ လက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်တဲ့ဟာက ဘာမှ ပြဿနာမရှိပေမယ့် လက်နက်မရှိတဲ့ ပြည်သူတွေအပေါ် အခုလိုလုပ်နေတာက ရှုတ်ချတယ်”လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း အမှတ် (၁၀၁၄) BGF တပ်ရင်းက တကောင်းဘိုကျေးရွာအုပ်စုအတွင်းရှိ တစ်လသူကြီးတွေကို မိတ္တိလာ (ဘုရားကုန်း) BGF စခန်းအတွင်းကို ခေါ်ယူပြီး KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းမပေးရင် လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုလာတာ ဖြစ်ပါတယ်။

ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကျုံခနကျေးရွာအတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၇ ရက်နေ့ကလည်း ညောင်ကုန်း BGF ဂိတ်ကနေ ၆၀ မမ လက်နက်ကြီး ၁၁ ချက် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျုံခနနဲ့ညောင်ကုန်းရွာကြားနဲ့ နောနော့ဝါးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ BGF တပ်က ရွာသူကြီးတွေကို ခေါ်ယူခြိမ်းခြောက်ပြီး ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဘားအံမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာ ဖြစ်ပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...