မင်းတပ်မြို့အနီးကို Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကြဲချတိုက်ခိုက်

မင်းတပ်မြို့အနီးကို Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော် ကြဲချတိုက်ခိုက်

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော် အသုံးပြု၍ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ယနေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၆ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော စစ်တပ်၏ Y-12 လေယာဉ်သည် မင်းတပ်မြို့အနီးသို့ ဗုံးများကို ၄ လုံးတွဲဖြင့် ၉ ကြိမ်ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီမနက် ၆ နာရီဝန်းကျင်ကနေ စပြီးတော့ ဗုံးကြဲလေယာဉ်ကနေ မင်းတပ်မြို့အနီးကို ဗုံးအလုံး ၃၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်သွားတယ်” ဟု ချင်းတောင်ပိုင်းဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း မင်းတပ်မြို့အနီးတစ်နေရာကို ဂျက်ဖိုက်တာတစ်စီးက လေကြောင်းမှ ၂ ကြိမ် ဗုံး ၄ လုံး ကြဲချခဲ့သည့်အပြင်၊ ဇူလိုင်လ ၁၇ ရက်ကလည်း မြို့ပေါ် ၂ နေရာကို ပေါင် ၅၀၀ ဗုံးဟု ယူဆရသည့် ဗုံး ၂ လုံးဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်။

မင်းတပ်နှင့် ကန်ပက်လက်မြို့တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်နေသဖြင့် အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှုများ ရှိနေပြီး နေအိမ်နှင့် အခြေခံ အဆောက်အအုံများမှာလည်း ပျက်စီး ဆုံးရှုံးမှု များပြားလျက်ရှိသည်။

မေလလယ်မှစ၍ မင်းတပ်နှင့် ကန်ပက်လက်ကို အင်အား ၂,၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်ခဲ့သည့် စစ်တပ်သည် အထိနာ၍ တပ်လန်ခဲ့ပြီးနောက် ချင်း-မကွေးအစပ် ကျောက်ထုနှင့် ဆောဒေသဘက်သို့ အင်အားရာချီ ထပ်မံ ဖြည့်တင်းထားသည်။

ထို့ပြင် ယောဒေသမှတစ်ဆင့် ချင်းပြည်တောင်ပိုင်းသို့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန်နှင့် ‘ဖြတ်လေးဖြတ်’ စစ်ဆင်ရေးပြုလုပ်ရန် ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်မှတစ်ဆင့် ပန်းဆန်-ရွှေအောင်သာ-ထီးလင်း ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုး၍ နယ်မြေစိုးမိုးရန် ကြိုးပမ်းနေသည်။

တစ်လခွဲကျော်ကြာမြင့်လာသည့် စစ်တပ်၏ ထိုးစစ်များကို တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်ခုခံ လျက်ရှိရာ စစ်တပ်မှ အင်အားရာချီ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားကြောင်း ချင်းပြည်သူ့အစည်းအရုံးက ဇူလိုင်လဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...
August 29, 2026
ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး...