ခေါင်လန်ဖူးသို့ စစ်တပ် ကား ၆ စီးဖြင့် စစ်အင်အားနှင့် လက်နက်များ ဖြည့်တင်း

ခေါင်လန်ဖူးသို့ စစ်တပ် ကား ၆ စီးဖြင့် စစ်အင်အားနှင့် လက်နက်များ ဖြည့်တင်း

ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများကို အလုံးအရင်းဖြင့် ဖြည့်တင်းပေးပို့နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်တပ်၊ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်း တပ်တို့အကြား တိုက်ပွဲများ ပြင်းထန် နေသည့် ခေါင်လန်ဖူးဒေသသို့ ပူတာအိုဗျူဟာတပ်က စစ်အင်အားဖြည့် တင်းနေခြင်း ဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်တပ်ဘက်က အထိနာပြီး အကျအဆုံးများနေသဖြင့် ပူတာအိုမှတစ်ဆင့် အင်အားဖြည့် တင်းခြင်းဖြစ်ကြောင်း ခ.လ.ရ (၄၆) တပ်နှင့် နီးစပ်သည့် ပူတာအိုမြို့ခံတစ်ဦးက KNG ကို ပြောသည်။

“ခေါင်လန်ဖူးနယ်ဘက် အင်အားဖြည့်နေတယ်။ အခုဖြစ်နေတဲ့တိုက်ပွဲမှာ သူတို့ဘက်က အတော်အထိနာပြီး အကျအဆုံးများနေတော့ ပူတာအိုဗျူဟာကနေ အင်အားသွားဖြည့်ရတယ်လို့ သိရတယ်။ ကားခြောက်စီးနဲ့ အပြည့်ပဲ၊ စစ်သားတွေလည်းပါတယ်၊ လက်နက်ခဲယမ်းတွေလည်း ပါတယ်။”

ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ပူတာအိုမှ ခေါင်လန်ဖူးဘက်သို့ ထွက်ခွာသွားသော ကား ၆ စီးအနက် စစ်သားများ တင်ဆောင်ထားသည့်ကား ၄ စီးနှင့် လက်နက်ခဲယမ်း၊ ဒရုန်းနှင့် စားနပ်ရိက္ခာများ တင်ဆောင်လာ သည့် ကား ၂ စီး ပါဝင်သည်။

ဒေသခံအမျိုးသားတစ်ဦးက “ကားလေးစီးကတော့ စစ်သားတွေအပြည့်တင်ထားတယ်။ နောက်ကားတစ်စီးက ရိက္ခာတွေထင်တယ်၊ နောက်တစ်စီးမှာတော့ လက်နက်ခဲယမ်းတွေ ပါမယ်ထင်တယ်။ သေတ္တာတွေ လိုက်တင်ပြီး ထွက်သွားကြတယ်။ အခုလောလောဆယ် ခေါင်လန်ဖူးဘက်မှာ ကားသေးတွေ သွားလို့ရပေမယ့် ကုန်ကားကြီး တွေတော့ မရဘူး။ အခုသွားတာက ဖောကားတွေဆိုတော့ ရောက်နိုင်တဲ့နေရာအထိ သွားမှာထင်တယ်” ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းတွင် အင်အား ၂၀၀ နီးပါးပါဝင်ပြီး အများစုမှာ မြန်မာပြည်အောက်ပိုင်းမှ ရောက်ရှိလာသည့် စစ်သားများဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပူတာအို ခ.လ.ရ (၄၆) တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များက စစ်အသုံးအဆောင်ပစ္စည်းများ သယ်ယူရန်အတွက် အရပ်သားကားများကို အသုံးပြုနေသည်။

ခေါင်လန်ဖူး - လန်ဆယ် လမ်းပိုင်းရှိ အမတ်ဂျူံဒေသတွင် ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွား နေပြီး စစ်ရေးအခြေအနေမှာ တင်းမာလျက်ရှိသည်။

KIA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လာဟီဆင်နှင့် လန်ဆယ်ဒေသတို့မှတစ်ဆင့် ခေါင်လန်ဖူးမြို့အနီးအထိ ထိုးစစ် ဆင်လာခြင်း ဖြစ်သည်။ ခေါင်လန်ဖူးမြို့နယ်မှာ ပူတာအိုခရိုင်အတွင်းရှိ နယ်စပ်ဒေသများကို ဆက်သွယ် ပေးထားသည့် မဟာဗျူဟာကျသော နယ်မြေတစ်ခု ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက လာဟီဆင်စခန်းကုန်းနှင့် လန်ဆယ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ သည်။ ထို့ကြောင့် စစ်တပ်သည် ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ်မြေများ ပြန်လည်ရရှိရေးအတွက် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိရာ ယခုအခါ ခေါင်လန်ဖူးမြို့အနီးအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...