နယ်စပ်ကုန်သွယ်မှု ကျဆင်းခြင်းကြောင့် မံဆောင်းတံတားလုပ်သားများ ဝင်ငွေကျဆင်း

နယ်စပ်ကုန်သွယ်မှု ကျဆင်းခြင်းကြောင့် မံဆောင်းတံတားလုပ်သားများ ဝင်ငွေကျဆင်း

ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ် မိုးရာသီကာလ၌ နယ်စပ်ပို့ကုန် နည်းပါးလာခြင်းကြောင့် ကုန်တင်ကုန်ချလုပ်သားများ ဝင်ငွေကျဆင်းလျက် ရှိသည်။

“ဒီနှစ် မိုးရာသီမှာတော့ နယ်စပ်ကို ပို့တဲ့ ကုန်စည်က တော်တော်လေး လျော့ကျသွားတယ်။ အရင်နှစ်တွေတုန်း ကတော့ ကုန်စည်တွေ နယ်စပ်ဖက်ကရော၊ ပြည်မဘက်ကပါ များတော့ အလုပ်သမားတွေက ကျပ် ၈ သောင်း လောက်ထိ ရခဲ့တဲ့ ကာလတွေ ရှိခဲ့တယ်။ ဒီနှစ်တော့ အလုပ်သမားတွေအနေနဲ့ တစ်ရက်ကို လုပ်အားခ အများ ဆုံး ကျပ် ၄ သောင်းလောက်ပဲ ရကြတာ တွေ့ရတယ်။ ပုံမှန်အလုပ်ရဖို့ အခက်အခဲ ဖြစ်လာကြတယ်” ဟု ဒေသခံ တစ်ဦးက Chin World Media ကို ပြောသည်။

မံဆောင်းတံတား၌ ကုန်တင်ကုန်ချလုပ်ငန်း လုပ်ကိုင်သူအများစုမှာ လိုင်တွီးနှင့် လမ်ဇန်ကျေးရွာမှ ဒေသခံများ ဖြစ်ကြသည်။

ကုန်တင်ကားကြီးများက မြစ်ကမ်းအထိ ပို့ဆောင်ပေးသည့် ကုန်စည်များကို အလုပ်သမားများက ကိုယ်တိုင် လက်ဆင့်ကမ်း သယ်ယူပြီး တံတားပေါ်မှတစ်ဆင့် တစ်ဖက်ကမ်းသို့ ပို့ဆောင်ကာ ကားကြီးများပေါ်သို့ ပြန်လည် တင်ပေးရခြင်း ဖြစ်သည်။

မံဆောင်းတံတား၏ ရေလယ်တိုင်တစ်ခုကို ဇွန်လ ၇ ရက်နေ့က မိုင်းခွဲခံရသော်လည်း ဒေသခံများက ပြန်လည်ပြင်ဆင်ထားသည်။

ဒေသခံ တစ်ဦးက “အပျက်အစီး တချို့ရှိပေမဲ့ ဒေသခံတွေအနေနဲ့ ပြင်ဆင်ပြီး လူစီးကားတွေ၊ ကုန်တင်ကား အငယ်တွေ ဖြတ်သန်းလို့ရအောင် ပြုလုပ်ကြတယ်။ ဖြတ်သွားတဲ့ ကားတွေကလည်း ဝန်လျော့ပြီး ဖြတ်ရတယ်။ ကုန်တင်ကားကြီးတွေကတော့ ဖြတ်လို့မရဘူး။ ကလေးနဲ့ မံဆောင်းတံတားကို သီးသန့်သွားတဲ့ ကားကြီးတွေရဲ့ ကုန်စည်တွေကို မံဆောင်းတံတားနဲ့ ရိဒ်ခေါဒါရ်မြို့ကို သီးသန့်ပြေးဆွဲတဲ့ ကုန်တင်ကားတွေ အပေါ် အလုပ်သမားတွေက ကဲ့ယူတင်ဆောင်ရပါတယ်” ဟု ဆက်ပြောသည်။

အိန္ဒိယဘက်မှ တင်သွင်းသည့်ကုန်စည်များမှာလည်း အရင်ကထက် နည်းပါးသွားပြီး အများအားဖြင့် စားသုံးဆီ နှင့် ဂျုံမှုန့်များသာ ရံဖန်ရံခါ တင်သွင်းမှုရှိကြောင်း၊ ကုန်တင်ကားအများစုမှာလည်း ပြန်လည်သယ်ဆောင်ရန် ကုန်စည်မရှိသဖြင့် နယ်စပ်မှ မံဆောင်းတံတားဘက်သို့ အလွတ်ပြန်လှည့်လာကြသည့် အခြေအနေများ ပိုမို များပြားလာသည်။

တီးတိန် - ရိဒ်ခေါဒါရ်လမ်းပေါ်ရှိ မံဆောင်းကြိုးတံတားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် စစ်တပ်က မိုင်းခွဲ ဖျက်ဆီးခဲ့သည်။

ထို့နောက်ပိုင်း ကားငယ်များဖြတ်သန်းနိုင်ရန် ဒေသခံများက အဆင့်ဆင့်ပြင်ဆင် ဆောက်လုပ်ခဲ့သည့် မံဆောင်း တံတားသစ်ကိုလည်း ယခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အမည်မသိအဖွဲ့အစည်းတစ်ခုက ထပ်မံမိုင်းခွဲခဲ့သည်။

သို့သော် အပျက်အစီး နည်းပါးခြင်းကြောင့် တံတားကို ဆက်လက်အသုံးပြုနိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသော လမ်းကြောင်းအဖြစ် ဆက်လက်ရှိနေသည်။

July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...