NLD အမတ်အချို့ စစ်ကောင်စီအလိုကျ အသုံးချခံ ဒလန်လုပ်နေတယ်လို့ တိုင်း ဒုဥက္ကဋ္ဌ ပြော

NLD အမတ်အချို့ စစ်ကောင်စီအလိုကျ အသုံးချခံ ဒလန်လုပ်နေတယ်လို့ တိုင်း ဒုဥက္ကဋ္ဌ ပြော
ဓာတ်ပုံ - Myanmar Now
ဓာတ်ပုံ - Myanmar Now

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အချို့ဟာ စစ်ကောင်စီအလိုကျ အသုံးတော်ခံနေပြီး သတင်းပေး ဒလန်လုပ်နေတယ်လို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းမှု အကြောင်းပြပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် NLD ပါတီက ရွေးကောက်ခံအမတ်အများစု စစ်ကောင်စီကို ဆန့်ကျင်နေကြပေမယ့် စစ်ကောင်စီရဲ့ အသုံးတော်ခံ အမတ်အချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအလိုကျ အသုံးချခံ ဒလန်လုပ်တဲ့အမတ်တွေဟာ ပါတီအပေါ် သစ္စာဖောက်တာ ဖြစ်ကြောင်းနဲ့ အခုလုပ်ရပ်ဟာ အသားထဲက လောက်ထွက်တာ ဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းဦးက မှတ်ချက်ပြုပါတယ်။

“ စစ်ကောင်စီလက်အောက်မှာ လက်နက်ချသွားတဲ့ ကိုယ်စားလှယ်မျိုးတွေလည်း ရှိတယ်။ အဲဒီက တိုင်းဒေသကြီးအမတ်တယောက်ပေါ့လေ၊ PDF တပ်စခန်းမှာ အတူနေပြီးတော့ အဲဒီက လက်နက်တချို့ယူပြီးတော့ လက်နက်ချတယ်၊ သိပ်မကြာဘူး စစ်ကောင်စီဘက်က ခြေရာခံပြီးတော့ စခန်းပျက်သွားတယ်ပေါ့၊ တချို့ထွက်ပြေးလွတ်မြောက်သွားပေမယ့် တချို့ဖမ်းခံရတယ်ပေါ့၊ လက်နက်ပါသွားတယ်၊ ဒါက သစ္စာဖောက်လို့ခေါ်တယ်၊ အသားထဲက လောက်ထွက်တယ် ဆိုတဲ့ဟာနဲ့ပဲ ညီတာလေ ဒလန်လို့တော့ ပြောလို့မရဘူး၊ ဒလန်ဆိုတာ ရန်သူဘက်သားပဲလေ” လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ထဲက ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းတစ်ခု ဩဂုတ်လ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့တာဟာ NLD အမတ်တစ်ဦးရဲ့ သတင်းပေးမှုကြောင့်လို့ သူက ဆိုပါတယ်။

NLD အမတ်ရဲ့ သတင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင် ၂၀ နီးပါး အဖမ်းခံခဲ့ရပြီး လက်လုပ် သေနတ် ၁၀ လက်၊ တူးမီး၊ လက်လုပ်မိုင်း၊ ကျည်နဲ့ ဆိုလာပြားတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီက ဒီစခန်းကို သိမ်းဆည်းရမိတာဟာ NLD တိုင်းလွှတ်တော်အမတ် ဦးအောင်ကိုမင်းက စစ်ကောင်စီကို သတင်းပေးတာကြောင့်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အခုလို စစ်ကောင်စီအလိုကျ အသုံးချခံ ဒလန်လုပ်နေသူတွေရဲ့ အချက်အလက်တွေကို စနစ်တကျမှတ်တမ်းတင်ထားပြီး တချိန်ချိန်မှာ ပြည်သူတွေကို ပြန်လည်ချပြသွားမယ်လို့ ဒေါက်တာစိုးဝင်းဦးက ပြောပါတယ်။

“ဒီလိုလူတွေနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့မူဝါဒရှိပြီးသားပဲ စနစ်တကျမှတ်တမ်းတင်ထားတယ်၊ အသေးစိတ်ပေါ့နော်၊ အချိန်တန်ရင် ဒီမှတ်တမ်းကို ပြည်သူတွေကို ချပြလိုက်ရုံပါပဲ၊ ပြည်သူက သူတို့ကို ဒဏ်ခတ်ပါလိမ့်မယ်။ သမိုင်းတစ်ခုကို ဖြတ်သန်းတဲ့အခါ အားလုံးက ပြည်သူကပဲ ဆုံးဖြတ်လိုက်မယ်၊ အဲဒါကို သူ့ဟာသူ သားစဉ်မြေးဆက်ခံရုံပဲ” လို့ ဆိုပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ကြို့ပင်ကောက် PDF စခန်းဝင်ရောက်တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာလည်း စစ်ကောာင်စီလက်အောက်မှာ လက်နက်ချခဲ့တဲ့ ကိုယ်စားလှယ်ကြောင့်ဖြစ်တယ်လို့ ဒေါက်တာ စိုးဝင်းဦး က ဆက်လက်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီက ထုတ်ပေးတဲ့ နိုင်ငံရေးပင်စင်လစာကို ခိုးကြောင်ခိုးဝှက်ထုတ်ယူနေတဲ့ NLD အမတ် တိုင်းနဲ့ပြည်နယ်တစ်ခုစီမှာ ၁၀ ဦးလောက် ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပေးတဲ့ နိုင်ငံရေးပင်စင်ကို ရယူသူတွေထဲမှာ NLD အမတ် ၂၁၇ ဦး ပါဝင်တယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနိုင်ငံရေးပင်စင်ကို ရယူတဲ့ NLD အမတ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲက ရွေးကောက်ခံ အမတ်တွေလား ၂၀၂၀ ရွေးကောက်ပွဲက ရွေးကောက်ခံရတဲ့ အမတ်တွေလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

NLD ပါတီထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးမလုပ်ဘူးလို့ ခံဝန်လက်မှတ်ရေးထိုးပြီး နေထိုင်နေတဲ့ အမတ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...