မြဝတီ-ဝေါ်လေလမ်းပိုင်း သိမ်းပိုက်မယ့် စစ်ကောင်စီ စစ်ဆင်ရေး ၂ လနီးပါးကြာတဲ့ထိ အောင်မြင်မှု မရသေး

မြဝတီ-ဝေါ်လေလမ်းပိုင်း သိမ်းပိုက်မယ့် စစ်ကောင်စီ စစ်ဆင်ရေး ၂ လနီးပါးကြာတဲ့ထိ အောင်မြင်မှု မရသေး

စစ်ကောင်စီတပ်က ကြည်ကြောင်း၊လေကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲက မြဝတီ-ဝေါ်လေလမ်းပိုင်း သိမ်းပိုက်မယ့် စစ်ဆင်ရေးဟာ ၂ လနီးပါးကြာတဲ့ထိ အောင်မြင်မှု မရသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ပြီးခဲတဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး မြဝတီ-ဝေါ်လေလမ်းပိုင်းကို သိမ်းပိုက်ဖို့အတွက် မြေပြင်နဲ့ ဝေဟင်ကနေ အင်အားအလွန်အကျွံအသုံးပြုပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အဲဒီစစ်ဆင်ရေးအတွက် တပ်မ (၁၁) ၊ တပ်မ (၂၂) ၊ တပ်မ (၄၄) တို့ရဲ့ လက်အောက်ခံ တပ်ရင်း (၁၇) ရင်း အပါအဝင် နယ်ခြားစောင့်တပ် BGF တပ်ရင်း (၁) ရင်း စုစုပေါင်း တပ်ရင်း (၁၈) ရင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး အတည်ပြုလို့မရတဲ့ တပ်ရင်းတွေလည်း ရှိနေသေးတယ်လို့ KNU က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဝေဟင်ကနေ ကလက်စတာဗုံး၊ ပေါင် ၅၀၀ ဗုံး အမြောက်အများ အသုံးပြုတိုက်ခိုက်ခဲ့သလို မြေပြင်ကနေ တိုက်ခိုက်ရေးတပ်၊ လက်ရုံးတပ်၊ စစ်ကူတပ် အပါအဝင် အမြှောက်တပ်၊ ဒုံးတပ်ရင်းတွေနဲ့ပါ အတွဲအလိုက်ပစ် ဒုံးတွေနဲ့ တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အပြင်းအထန် စစ်ဆင်ရေး ဆင်နွှဲခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ ရှိနေတဲ့ ကျော်ဝါးဘိုးဘုရားအနီးက KNLA ပူးပေါင်းအဖွဲ့ရဲ့ ရှေ့တန်းကင်းစခန်း တစ်ခုသာ ရရှိထားတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ခဲ့လို့ သုံးထပ်ကွေ့နားက ရှေ့ကင်းစခန်းတစ်ခုကို သူတို့ စိုးမိုးထားတယ်။ ဒီနေ့အထိတော့ ထူးပြီး ပြောင်းလဲသွားတာ မရှိဘူး ။ သူတို့ စစ်ကြောင်း ဘယ်လိုပဲ ထိုးထိုး ကျွန်တော်တို့က ခုခံနေဆဲဖြစ်တဲ့အတွက် သူတို့က ရှေ့ဆက်တိုးပြီး လုပ်နိုင်စရာမရှိသေးဘူး"လို့ ပြောပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ ၂ လနီးပါးကြာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးထားပြီး အဲဒီထဲမှာ ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိ ၈ ဦးထက်မနည်း သေဆုံးထားပါတယ်။

ဒဏ်ရာရရှိမှုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ထိ ရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းဘက်က ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။

KNU ပြောခွင့်ရ ပဒိုစောတောနီးကတော့ တပ်မဟာ (၆) နယ်မြေထဲကို လေကြောင်း၊ကြည်းကြောင်းနဲ့ အင်အားအလွန်အကျွံသုံးလာတဲ့ စစ်ကောင်စီ ထိုးစစ်ဆင်မူကို ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

KNU တပ်မဟာ (၆) နယ်မြေထဲမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၉၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...