ကရင်နီလူထုအတွက် ကရင်နီပြည်ရဲဖွဲ့စည်းတာ တစ်နှစ်ပြည့်ပြီ

ကရင်နီလူထုအတွက် ကရင်နီပြည်ရဲဖွဲ့စည်းတာ တစ်နှစ်ပြည့်ပြီ

KSP ဟာ “ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ CDM ရဲတပ်ဖွဲ့အဖြစ် ကနေ ကရင်နီပြည်ရဲဌာန (Karenni State Police)” ကို အသွင်ပြောင်းခရီးဆက်နေတာ တစ်နှစ်တိတိပြည့်သွားပါပြီ။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုပ်ချတဲ့ ရဲဝန်ထမ်းတွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ကို ပြုလုပ်ခဲ့ပြီးနောက် KSP ကို ဖွဲ့စည်းတည်ထောင်က ပြည်နယ်တွင်း လူထုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

KSPကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC လမ်းညွှန်မှုနဲ့ ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ CDMရဲ ၃၂၀ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့မှာတော့ ဖွဲ့စည်းတည်ထောင်ခဲ့တာ တစ်နှစ်တိတိပြည့်သွားတာပါ။

တစ်နှစ်တာကာလအတွင်း ပြည်သူ့အကျိုးပြုရဲလုပ်ငန်းတွေကို KSP ထိန်းချုပ်တဲ့ဒေသတွေမှာ အားကောင်းစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေဆဲပါပဲ။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပြည်ထဲရေးဝန်ကြီးဌာနအောက်က CDM Police နဲ့လည်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိနေတာပါ။

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုတွေရဲ့ ဘဝလုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးရေး ပျက်သုဉ်း နေတဲ့အပေါ် ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ရဲ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် KSP ကို ရည်ရွယ်ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။

လူထုကို အခြေပြုပြီး ဖွဲ့စည်းထားတာဖြစ်သလို လက်ရှိမှာဆိုရင် ကရင်နီပြည်နယ်တွင်းမှာ အထူးသဖြင့် ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ လွိုင်ကော်မြို့အရှေ့ခြမ်း၊ ဖယ်ခုံမြို့ နဲ့ အခြားဒေသအချို့တွေမှာ KSP စိုးမိုးနယ်မြေ အမြောက်အများရှိနေပါပြီ။

“ကျနော်တို့ နယ်မြေစိုးမိုးတာက အများကြီးပါပဲ။ မစိုးမိုးတဲ့ နေရာမျိုးဆိုရင် လွိုင်ကော်မြို့ပေါ် တဝိုက်နဲ့ ဒီ ဒီးမော့ဆိုမြို့ အဲမြို့ပေါ်တွေဟာပဲ။ ကျတော်တို့စိုးမိုးနယ်မြေ တော်တော်များများပါပဲ။ ပြီးတော့မှ ကျတော်တို့ ကရင်နီဒေသဖြစ်တဲ့ အခုအစိုးရသတ်မှတ်ထားပေးတဲ့ပုံအရ ဖယ်ခုံဖက်ပေါ့။ ဖယ်ခုံဖက်ရယ် ကျတော်တို့ အဲမှာလည်း ကျတော်တို့ စိုးမိုးနယ်မြေမှာလည်း တခြားဖက်တွေလည်း အများကြီး ရှိပါတယ်။”  လို့ KSP သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဘိုဘိုက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ်။

CDMရဲ ၃၂၀ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပေမယ့် ယခုအချိန်မှာ စိုးမိုးနယ်မြေတွေ များလာသလို လူအင်အားလိုအပ်ချက်အရ ရဲလုပ်ငန်း စိတ်ဝင်စားတဲ့ လူငယ်တွေကို ဝန်ထမ်းအဖြစ်ခေါ်ယူပြီး တာဝန်ထမ်းဆောင်နေတာတွေလည်း ရှိနေပါတယ်။

KSPမှာ KSPရေးရာဌာန၊ ပြန်ကြားရေးဌာန၊ ပြည်သူ့ရေးရာဌာန ဆိုပြီး ဌာန သုံးခုရှိပါတယ်။

ပြည်သူ့ရေးရာဌာနအောက်မှာဆိုရင် မှုခင်းအဖွဲ့ ၊ ရိမ်းဂျားကယ်ဆယ်ရေး၊ ရာဇဝတ်နှိမ်နင်းရေး ဆိုပြီး ဌာနစိပ်တွေ ထပ်မံခွဲထားပါသေးတယ်။

ရာဇဝတ်နှိမ်နင်းရေး အပိုင်းမှာဆိုရင် ဒေသန္တာရ ဥပဒေတွေ ၊ တခြားတည်ဆဲဥပဒေတွေ ချိုးဖောက်တာတွေကို အရေးယူတာတွေ၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားစွဲဆိုနိုင်ဖို့ မှတ်တမ်းတင်တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အကျယ်ချုပ်ထားတဲ့ အကျဉ်းသားတွေအတွက် နောက်ထပ် ဌာနတစ်ခုဖြစ်တဲ့ ပြန်လည်ထူထောင်ရေးဌာနကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိနေပါတယ်။

“အဲ့ဒါက လုပ်ငန်းထက် ကျနော်တို့ တိုးချဲ့ နယ်မြေတွေ နယ်မြေတော်တော်များများပေါ့နော်။ ပြီးတော့ စခန်းတွေပိုဖွင့်နိုင်ဖို့ ကြိုးစားနေတယ်။ ဥပမာ- ကျနော်တို့ တရားခံတွေအတွက်ဆိုလည်း ကျတော်တို့ ပြန်လည်ထူထောင်ရေးဌာန ဆိုပြီးတော့ ကျနော်တို့အခု စတင်ဖွဲ့စည်းထားတယ်။ အဲ့ဌာနက ဒီတရားခံတွေကို သူတို့ဒီ ချုပ်ထားခံရတဲ့အချိန်မှာသူတို့ ကိုယ်ရည်ကိုယ်သွေးမြင့်လာဖို့ ဒီအသက်မွေးဝမ်းကျောင်း ပညာတစ်ခု သင်ပေးဖို့ ပြီးတော့မှတခြား ကိစ္စတွေရောပေါ့နော်။ သူတို့ ဒီအသိပညာ အတတ်ပညာ တိုးတက်လာဖို့အတွက် ရည်ရွယ်ပြီးတော့မှ ကျနော်တို့ဒီ ပြန်လည်ထူထောင်ရေးဌာန ထပ်ဖွဲ့ထားပေးတာရှိပါတယ်။ “ လို့ ကိုဘိုဘို က ဆိုပါတယ်။

KSP မှာ ဖမ်းဆီးထားတဲ့ တရားခံ ၈၀ကျော်ရှိပြီး အကျဉ်းချုပ် ထိန်းသိမ်းထားသူ တရားခံ ကျား ၅၅ဦးနဲ့ မ ၄ဦးရှိပြီး အကျယ်ချုပ်ထားသူ ကျား ၁၇ဦး မ ၂ ဦး တို့ ဖြစ်တယ်လို့ KSPကနေပြီး ၂၀၂၂ခုနှစ် မေလ ၁၄ရက်နေ့မှာ တင်ပြထားတာရှိပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကိုလည်း ဘာသာရေးကိုးကွယ်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ သတင်းအချက်အလက် သိရှိခွင့်၊ မိသားစုနဲ့ ဆက်သွယ်ခွင့်စတဲ့ လူ့အခွင့်အရေးနဲ့ အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

“ တရားခံအကုန်လုံးကို ကျတော်တို့က ဒီအကျဉ်းချုပ် အချုပ်ခန်းထဲကနေ ထည့်ထားတာမျိုးမဟုတ်ဘဲနဲ့ သူ့ရဲ့အပြစ်ပေါ် မူတည်ပြီးတော့မှ ဒီလုံခြုံရေးအရ အန္တရာယ်ရှိမယ့်လူ ဒီစည်းကမ်းမလိုက်နာတဲ့လူလောက်ကလွဲလို့ရှိရင် ကျတော်တို့ ကျန်တဲ့သူတွေကတော့ ကျတော်တို့အကျယ်ချုပ်နဲ့ထားတယ်။ ပြီးရင် ဒီတရားခံတိုင်းကိုလည်း ကျတော်တို့က သူ့ဂုဏ်သိက္ခာအဆင့်အတန်းပေါ့နော် လူ့အခွင့်အရေးနဲ့ အညီထားတယ်။ “ လို့ သူက ဆက်ပြောပြပါတယ်။

မူးယစ်ဆေးဝါးမှု ၊ ခိုးမှု ၊ ဆူပူတောင်းကျန်းမှု ၊ အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိန်းမှု စတဲ့ အမှုတွေအပြင် ဒလန် ၊ စစ်သုံ့ပန်း ၊ Non CDM ရဲ ၊ Non CDM ဝန်ထမ်းစတဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိပြီး ခံဝန်နဲ့ ပြန်လွှတ်တဲ့အစီအစဉ်လည်းရှိပါတယ်။



အကျဉ်းသားတွေကို ခေါ်ဆောင် ထိန်းသိမ်းထား။

နေ့ထူးနေ့မြတ်အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်လျှော့ပေါ့တဲ့ အကျဉ်းသားတွေကို ခံဝန်ကတိတောင်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာဖြစ်ပါတယ်။

KSCC ညွှန်ကြားချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အကျဉ်းသားများအနက် ၂၀၂၂ခုနှစ် မေလ ၂၆ရက်နေ့မှာ အကျဉ်သား (၂၄)ဦးကို ပထမအကြိမ်၊ ဇွန်လ (၂၁)ရက်နေ့မှာ အကျဉ်းသား (၂၉)ဦးကို ဒုတိယအကြိမ်၊ ဩဂုတ်လ ၉ ရက်နေ့မှာ အကျဉ်းသား ၇ ဦးကို တတိယအကြိမ် စုစုပေါင်း အကျဉ်းသား (၆၀)ဦးကို KSP က ခံဝန်ကတိနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီဖြစ်ပါတယ်။

KSPက ပြန်လွှတ်တဲ့အထဲ ပါဝင်တဲ့ အမျိုးသားတစ်ဦးကတော့ ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီ နဲ့ မပူးပေါင်းကြဖို့ အခုလိုပြောဆိုထားပါတယ်။

“ စစ်ကောင်စီနဲ့ အတတ်နိုင်ဆုံး မပူးပေါင်းပဲနဲ့ ရှောင်ရှားပြီးနေကြဖို့ ပြောချင်ပါတယ်။ စစ်ကောင်စီနဲ့ ဘယ်တော့မှ မပတ်သက်ပဲနဲ့ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ပြီးနေဖို့ပဲ ပြောချင်ပါတယ်။ စစ်ကောင်စီ နဲ့ မပတ်သက်ဖို့ စစ်ကောင်စီ ယန္တာရားမလည်ပတ်အောင် လုပ်ပေးဖို့ အဓိက ပြောချင်ပါတယ်။ “ လို့ သူကပြောပါတယ်။

KSPမှာ အမှုမကြီးတဲ့ ကိစ္စတွေဆိုရင် KSPအဖွဲ့ဝင်၊ ကျေးရွာလူကြီး ဥက္ကဌ ၊ EAOs အဖွဲ့ စတာတွေနဲ့ ဆွေးနွေးပြီး အမှုဆုံးဖြတ်တာ ပြစ်မှုကြီးတဲ့ ကိစ္စတွေဆိုရင် တရားစီရင်အဖွဲ့ ရှိတဲ့ နယ်မြေက ရွာလူကြီးတွေ၊ KSCC အဖွဲ့ဝင်၊ KSP၊ CSO၊ EAO စတဲ့ အဖွဲ့တွေ နဲ့ တရားစီရင်အဖွဲ့ဖွဲ့ပြီး ဆုံးဖြတ်ချက်ချတာတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။



ပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှု ပေးနေ။

ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုဖြစ်တဲ့ ရိန်းဂျားကယ်ဆယ်ရေးအဖွဲ့ကနေပြီး စစ်ရှောင်တွေဆီသွားပြီး ဆေးကုသပေးတာတွေ ၊ အကူအညီ ပေးတာတွေလည်း ဆောင်ရွက်ကြတာတွေလည်း ရှိပါတယ်။

“ ရိန်းဂျားကယ်ဆယ်ရေးကတော့ ကျနော်တို့က ဒီစစ်ဘေးရှောင်တွေကို လိုက်ပြီးကူညီတာမျိုးပေါ့နော်။ အဲ့ ရိန်းဂျားအောက်မှာ ကျတော်တို့ KSP အဖွဲ့တွေကို ပူးတွဲထည့်ထားပေးတယ်။ ပြီးတော့မှ အဲ့ ရိန်းဂျားရဲ့ အလုပ်တွေကို ကျနော်တို့ အတူတူ ပူးပေါင်းဆောင်ရွက်ပြီးလုပ်တာပါ။ လူထုလုံခြုံရေးက ကျနော်တို့ အခုဒီ ပြည်သူလူထုတွေ တချို့နေရာမှာ ဆေးရုံ လုံခြုံရေးယူပေးတာတို့ ပြီးရင်တချို့ ပွဲလမ်းသဘင် တွေမှာ သူတို့လုံခြုံဖို့အတွက်ပေါ့နော်။ လူတွေများသွားလို့ရှိရင် အန္တရာယ်မဖြစ်အောင်ပေါ့နော်။ အဲလို ထိန်းသိမ်းပေးတာတို့။ တခြားလုံခြုံးရေးပိုင်းနဲ့ လိုအပ်တာမျိုးတွေ ရှိရင်လည်း ကျတော်တို့ က တတ်နိုင်သမျှပေါ့ KSP က လိုက်ပြီးတော့မှ ဆောင်ရွက်ပေးပါတယ်။ “ လို့ ကိုဘိုဘို က ဆိုပါတယ်။

တော်လှန်းရေးပြင်းထန်နေတဲ့ ကရင်နီပြည်အနှံ့မှာ KSP ရဲစခန်းတွေကို တိုးချဲ့လည်ပတ်နေပြီး လူထုတွေအနေနဲ့ KSP ကိုအားကိုးနိုင်ကြောင်း၊ CDM မပြုလုပ်ရသေးတဲ့ အာဏာရှင်စနစ်အောက်မှ မရုန်းထွက်နိုင်သေးတဲ့ ရဲတွေကို KSP ရဲ့စံနမူနာကောင်းတွေကို အတုခိုးနိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဥက္ကဌ ခွန်းဘီထူးက KSP ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...