စက်သုံးဆီဈေးနှုန်းကြောင့် မွန်ပြည်နယ်က ကုန်တင်ကား ၇၀ ရာခိုင်နှုန်းနီးပါး ရပ်နားလာရ

စက်သုံးဆီဈေးနှုန်းကြောင့် မွန်ပြည်နယ်က ကုန်တင်ကား ၇၀ ရာခိုင်နှုန်းနီးပါး ရပ်နားလာရ

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ကုန်တင်ကား ၇၀ ရာခိုင်နှုန်း နီးပါးရပ်နားလာရသလို ကျန်ရှိတဲ့ ကုန်တင်ကားတွေကလည်း အဆင်ပြေသလို လည်ပတ်နေရတယ်လို့ ကုန်တင်ကား လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ ပြီးခဲ့တဲ့ အပတ်က တစ်လီတာကို ကျပ် ၂,၀၀၀ ကျော်သာ ရှိရာကနေ လက်ရှိမှာတော့ ဒီဇယ်မျိုးစုံ တစ်လီတာကို ၃,၃၀၀ ကျပ်ထိ ဈေးနှုန်း မြင့်တက်လာသလို ဓါတ်ဆီ တစ်လီတာကလည်း ၂,၅၀၀ ကျပ်အထိ ဈေးနှုန်း ကြီးမြင့်လာတာ ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုတွေကြောင့် ကုန်တင်ကားတွေအနေနဲ့ အဆင်ပြေသလိုသာ ပြေးဆွဲနေရပြီး အများစုကတော့ တွက်ခြေမကိုက်လို့ ပြေးဆွဲမှု ရပ်နားခဲ့ကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကုန်တင်ကားပိုင်ရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ကုန်တင်ယာဉ်တွေက အခုပါးတယ်မိုးတွင်းဆိုတော့ ဆီဈေးလဲ ၃ ထောင်ကျော်သွားပြီဆိုတော့ အဆင်ပြေသလို သွားနေရတာပဲ သိပ်တော့ မကျန်တော့ဘူးပေါ့။ နားတဲ့ကားတွေလဲရှိတာပေါ့ ၊ ၇၀% လောက်ရှိတယ်။ အဆင်ပြေတဲ့ ကားကတော့ အဆင်ပြေအောင် သွားနေရတာပေါ့ သိပ်တော့ မကျန်တော့ဘူး ။ ဒီဈေးနဲ့ကျန်မဲ့ဟာတွေ တွက်မရတော့ဘူး မိုးတွင်းဆိုတော့ ကုန်လဲ မရှိဘူးလေ ခက်ခဲတာပေါ့ ” လို့ ဆိုပါတယ်။

စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း အရင်ကထက် နှောင့်နှေးပြီး မြေပြင်မှာ အခြေခံစားကုန်ဖြစ်တဲ့ ဆန်၊ဆီ၊ ကြက်သွန်ကအစ ၃ ဆနီးပါး ဈေးနှုန်းမြင့်တက်လာပါတယ်။

အခြေခံစားကုန်တွေ မြင့်တက်လာမှုနဲ့အတူ ဝင်ငွေနဲ့ ထွက်ငွေ မမျှတာကြောင့် မိသားစုဝမ်းရေးအတွက် မနည်းရုန်းကန်နေရတယ်လို့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

“ လက်ရှိ အခြေခံစားကုန်တွေပြတ်တော့ ဈေးတွက်လည်း တက်တာပေါ့။ အရင်ထက် ဈေးတွေက သုံးဆနီးပါးလောက် တက်လာတယ်။ ရတဲ့လုပ်အားခနဲ့ ဘယ်လိုမှ မလောက်တော့ဘူး” လို့ ဆိုပါတယ်။

ဩဂုတ်လ ပထမပတ်အတွင်း 92 | ၁ လီတာကို ပျမ်းမျှ ကျပ် ၂၀၀၀ သာရှိခဲ့ရာကနေ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာ ငွေလဲလှယ်နှုန်းကို ၂,၁၀၀ ကျပ် သတ်မှတ်ပြီးတဲ့နောက် စက်သုံးဆီဈေးတွေ မြင့်တက်လာခဲ့တာပါ။

စစ်ကောင်စီက စက်သုံးဆီဈေးနှုန်းတွေကို သူတို့ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ သြဂုတ်လ ၂၆ ရက်နေ့က ဒီဇယ်မျိုးစုံ တစ်လီတာကို ၃,၂၂၅ကျပ် ကနေ ၃,၅၁၅ ကျပ်အထိ ရှိနေပြီး ဓါတ်ဆီကတော့ ၂,၄၉၅ ကျပ်ကနေ ၃,၀၅၀ ကျပ်အထိ ဈေးနှုန်း သတ်မှတ်ထားပါတယ်။

ဒီစက်သုံးဆီဈေးနှုန်းတွေဟာ စစ်ကောင်စီရဲ့ သတ်မှတ်နှုန်းထားဖြစ်ပြီး မြေပြင်မှာတော့ အကန့်အသတ်နဲ့ ဝယ်ယူရရှိနေတာကြောင့် သတ်မှတ်ဈေးနှုန်းတွေထက် ပိုပြီး ပေးနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တဖက်မှာတော့ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် မွန်ပြည်နယ်အတွင်းက အသေးစား၊အလတ်စား SME လုပ်ငန်းတွေလည်း ရပ်နားလာကြသလို တချို့လုပ်ငန်းတွေကတော့ ဆက်လက် လည်ပတ်နိုင်ဖို့ မနည်းကြိုးပမ်းနေကြရပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...